စစ်ကိုင်းတိုင်းဒေသကြီးထွက် ကျောက်မီးသွေးကို ၂၀၂၆ – ၂၀၂၇ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တန်ချိန် (၂၄၀,၀၀၀)ကျော်ထုတ်လုပ်ရန် လျာထားကြောင်းစစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၆ -၂၀၂၇ ခုနှစ်ဘဏ္ဍာရေးနှစ်၊ ကျောက်မီးသွေး လျာထားချက် ပြည့်မီအောင်ထုတ်လုပ်သယ်ယူရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ (၁၄)ရက် ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ကျင်းပရာစစ်ကိုင်း
တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်သန်းဝင်းအဖွင့် အမှာစကားပြောရာတွင် ထည့်သွင်းပြောကြားသည်။
“စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီးမှာ ကျောက်မီးသွေး တူးဖော်ထုတ်လုပ်မှုလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိတဲ့ ကုမ္ပဏီတွေကို ၂၀၂၆ – ၂၀၂ ၇ ဘဏ္ဍာနှစ်၊ လျာထားချက်ပြည့်မီအောင် ထုတ်လုပ်ရေး၊ တူးဖော်ပြီး ကျောက်မီးသွေးတွေကို ချင်းတွင်းမြစ်ရေလမ်းကြောင်း ကောင်းချိန်အတွင်း အဓိကထားသယ်ယူပို့ဆောင်ရေးစီမံဆောင်ရွက်နိုင်ဖို့အတွက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတွေနဲ့ လိုအပ်ချက်တွေကိုပံ့ပိုးကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။အခု ၂၀၂၆ -၂၀၂၇ဘဏ္ဍာရေးနှစ်မှာ ထုတ်လုပ်မှု လျာထားချက် ၂၄၈၂၁၂ တန် ပြည့်မီအောင် ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ထုတ်လုပ်ပြီးတဲ့ ကျောက်မီးသွေးတွေ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရေးကို သက်ဆိုင်ရာ စက်ရုံများကို အမြန်တင်ပို့ဖို့လိုအပ်ပါတယ်” ဟု ဝန်ကြီး ဦးတင်သန်းဝင်းကပြောသည်။
ထို့ပြင် ကျောက်မီးသွေးသည် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုအတွက် စွမ်းအင်ကဏ္ဍတွင် အရေးပါသည့် သယံဇာတအ ရင်းအမြစ်တစ်ခုဖြစ်သည့်အတွက်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေများအပြင် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ လိုက်နာဆောင်ရွက်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ကုမ္ပဏီလုပ်ငန်းရှင်များ အနေဖြင့် ဧပြီလမှစပြီး (၁၁,၃၁၀) တန် ထုတ်ယုနိုင်ခဲ့ပြီးဖြစ်သည့်အတွက် ထုတ်လုပ်မှု လျာထားချက် ၂၄၈၂၁၂ တန် ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ရန်လည်း ဝန်ကြီးက မှာကြားခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ Video Conferencing ဖြင့် တက်ရောက်ကြသော အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်ဝင်းနှင့်အတူ ကလေး၊ မော်လိုက်၊ တမူး၊ ကသာ၊ ကောလင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ အပါအဝင် သက်ဆိုင်ရာ ခရိုင်မြို့နယ်များ စီမံခန့်တင်ပြကြသည်။
ထို့နောက် သက်ဆိုင်ရာ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၏ အကြံပြုဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို တိုင်းဒေသကြီး ဝန်ကြီးက တာဝန်ရှိသူများနှင့် ညှိ နှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
