စင်ကာပူသမ္မတ သာမန် ရှန်မူဂါရတ်နမ်သည် မလေးရှားဘုရင် စူလ်တန် အီဘရာဟင် ၏ ဖိတ်ကြားချက်အရ ဇူလိုင် ၁၃ ရက်မှ ၁၅ ရက်အထိ ပြုလုပ်မည့် သုံးရက်ကြာ နိုင်ငံတော်အဆင့် ခရီးစဉ်အတွက် ဇူလိုင် ၁၂ ရက် ညပိုင်းတွင် မလေးရှားနိုင်ငံသို့ ရောက်ရှိခဲ့သည်။
သမ္မတ သာမန်နှင့် ဇနီး ဂျိန်း အစ်တိုဂီ လိုက်ပါလာသည့် လေယာဉ်သည် ဒေသစံတော်ချိန် ည ၉ နာရီ ၁၉ မိနစ်တွင် ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ဆင်းသက်ခဲ့သည်။
လေဆိပ်၌ တော်ဝင်ရိန်းဂျားတပ်ရင်း အမှတ်(၁)မှ အရာရှိနှစ်ဦးနှင့် တပ်ဖွဲ့ဝင် ၂၆ ဦး ပါဝင်သော ဂုဏ်ပြုတပ်ဖွဲ့က ဦးဆောင်၍ ဂုဏ်ပြုကြိုဆိုခဲ့သည်။
သမ္မတ သာမန်အား စီးပွားရေးလုပ်ငန်းရှင်များနှင့် သမဝါယမဖွံ့ဖြိုးရေးဝန်ကြီး စတီဗင် ဆင်းမ် ချီးကီယောင် က လက်ခံကြိုဆိုခဲ့ပြီး မလေးရှားနိုင်ငံဆိုင်ရာ စင်ကာပူ မဟာမင်းကြီး ဗာနူ ဂိုပါလာ မီနွန် လည်း ကြိုဆိုအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ယခုခရီးစဉ်သည် သမ္မတ သာမန်က ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် စင်ကာပူနိုင်ငံ၏ ကိုးဦးမြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် မလေးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်သည့် နိုင်ငံတော်အဆင့် ခရီးစဉ်ဖြစ်သည်။
ခရီးစဉ်သည် နှစ်နိုင်ငံအကြား ကာလရှည်ကြာ ခိုင်မာသည့် မိတ်ဖက်ဆက်ဆံရေးကို ထပ်မံအတည်ပြုရန်နှင့် အပြန်အလှန်အကျိုးစီးပွားဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။
ဇူလိုင် ၁၃ ရက်တွင် သမ္မတ သာမန်အား နိုင်ငံတော်အဆင့် ကြိုဆိုပွဲကျင်းပမည်ဖြစ်ပြီး ထို့နောက် အစ္စတာနာ နီဂါရာ နန်းတော်၌ မလေးရှားဘုရင်နှင့် တွေ့ဆုံမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်မည်ဖြစ်ပြီး ဝန်ကြီးချုပ် ဒါတို့ ဆရီ အန်ဝါ အီဘရာဟင် (ကလည်း ဂါရဝပြု တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ စင်ကာပူနိုင်ငံသည် မလေးရှား၏ ကမ္ဘာလုံးဆိုင်ရာ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် မလေးရှားရင်းဂစ် ၄၀၂ ဒသမ ၃၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၉၇ ဘီလီယံ) ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ငါးလအတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ မလေးရှားရင်းဂစ် ၁၈၉ ဒသမ ၉၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၈၇ ဘီလီယံ) သို့ ရောက်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၄ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။
Ref: Bernama
