လိုင်စင်ရ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအနေဖြင့် စင်ကာပူနိုင်ငံသို့ အလုပ်သမားစေလွှတ်မှု အေဂျင်စီတစ်ခုလျှင် အလုပ်သမား(၅ )ဦးသာ ခွင့်ပြုတော့မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
အလားတူ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတဆင့် တောင်ကိုရီးယားသို့ လုပ်သားစေလွှတ်ရာတွင် အေဂျင်စီတစ်ခုလျှင် လူ ၁၀ ဦးသာခွင့်ပြုမည်ဖြစ်ကြောင်း ယခင်က အေဂျင်စီတစ်ခုလျှင် တောင်ကိုရီးယားသို့ အလုပ်သမား ၂၀ ဝန်းကျင် စေလွှတ်ခွင့်ရခဲ့ရာမှ ယခုအခါ လူ ၁၀ ဦးသာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ရက်နေ့ မတိုင်မီ Demand Letter တင်ပြထားသည့် မြန်မာအေဂျင်စီများအနေဖြင့် လူဦးရေ ၁ဝ ဦးထက်ပိုသော Demand Letter များကို ၁ဝ ဦးဖြင့် မတ်လ ၂၅ ရက်နေ့မှစ၍ ပြင်ဆင်တင်ပြရန် အသိပေးထားသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုင်းနှင့် ဂျပန်ကို စေလွှတ်မည့် လုပ်သားအရေအတွက်ကို ကန့်သတ်လျှော့ချပြီးနောက် ကိုရီးယား၊ စင်ကာပူသို့စေလွှတ်မည့် အရေအတွက်ကိုပါ ထပ်မံလျှော့ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မလေးရှားနှင့်တခြားနိုင်ငံများအတွက် လုပ်ငန်းစဉ်ကိုလည်း ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အေဂျင်စီများ Demand Letter တစ်စောင်ကို လူဦးရေ ၅၀ ထက်မပိုစေရန်နှင့် တစ်လ တစ်ကြိမ်သာ လျှောက်ထားရမည်ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက မတ်လ ၂၂ ရက်နေ့တွက် ထုတ်ပြန်ထားသည်။
