မုတ်သုံလေ အားကောင်းမှုကြောင့် စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ နိုင်ငံတစ်ဝန်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထုတ်ပြန်ထားသည်။
အဆိုပါ ကာလအတွင်း မကွေး၊ စစ်ကိုင်း၊ ကချင်၊ ချင်းနှင့် ရှမ်းတို့တွင် နေရာကျဲကျဲ ရွာသွန်းနိုင်ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကယား၊ ကရင်၊ မွန်နှင့် ရခိုင်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား ရွာသွန်းနိုင်မည်ဖြစ်သည်။ ထို့ပြင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် တောင်ကုန်းတောင်တန်းများ၊ မြစ်ချောင်းအနီး ရေဘေးစိုးရိမ်ရသည့် ဒေသများရှိ ပြည်သူများ ကြိုတင်သတိပြုရန် လိုအပ်
ပါသည်။
ထို့အတူ ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ရာသီဥတုအခြေအနေကို သတိထားကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
