ရမည်းသင်းမြို့နယ်တွင် ငွေကျပ်(၄)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများအား အမျိုးသား(၂၀)ဦးကျော်နှင့်အတူ သြဂုတ် ၇ ရက်နံနက် ၆ နာရီခွဲကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ အင်တိုင်းကျေးရွာအုပ်စု၊ ကင်းကျေးရွာအနီးတွင် တင်မိုးမောင်းသည့် MAZDA BONGO ကားနှင့် ရာဇာထွန်းမောင်းသည့် IZONE ကား(၂)စီးပေါ်သို့ ဘိန်းဖြူပါ ဆပ်ပြာခွက်များအားထုတ်ပိုးထားသည့် ပီနံအိတ်များတင်နေစဉ် ရှာဖွေစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ ငွေကျပ်(၄ ဒသမ ၂၉)ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ(၁၇၁ ဒသမ ၆)ကီလိုနှင့်အတူ တာဝန်ခံသယ်ဆောင်လာသူ တံတားဦးမြို့နယ်နေ ကျော်လွင်ဦးနှင့် ကားများပေါ်သို့ ဘိန်းဖြူများတင်ဆောင်ပေးနေကြသည့် ကလောမြို့နယ်နေ ဖိုးပိုင်အပါအဝင်(၂၂)ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ ယင်း ဘိန်းဖြူများအား က လောမြို့နယ်မှ ရမည်းသင်းမြို့နယ်သို့သယ်ဆောင်ခိုင်းသူမှာ ဦးချစ်သူဆိုသူဖြစ်ပြီး ၎င်း၏စေခိုင်းချက်အရ ဖိုးပိုင်အပါအဝင်(၂၂)ဦးသည် ကလောမှ ရမည်းသင်းသို့သယ်ဆောင်လာခြင်းဖြစ်ကာ ရမည်းသင်းမှ မန္တလေးသို့ တာဝန်ခံသယ်ဆောင်ခိုင်းသူမှာ မကြူကြူမြင့် ဖြစ်ကြောင်းဖော်ထုတ်သိရှိခဲ့ရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများကို ထပ်မံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
