ငြိမ်းချမ်းမှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီတို့က ပြောကြားခဲ့သည်။
၎င်းတို့နှစ်ဦးသည် ဇူလိုင် ၁၄ ရက်က တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (အဋ္ဌမမြောက်နေ့)ကိုလာရောက်လေ့လာသည့် မြန်မာ နိုင်ငံခရစ် ယာန်ဂိုဏ်းပေါင်းစုံငြိမ်းချမ်းရေးအထောက် အကူပြုဗဟိုကော်မတီမှ ဗဟိုကော်မတီဝင် သိက္ခာတော် ရ ဆရာဒေါက်တာမောရစ်လျန်နာနှင့် အဖွဲ့ဝင်များအားတွေ့ဆုံစဥ်ပြောကြားခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံစဥ် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌတို့က ငြိမ်းချမ်းရေးအတွက် မြန် မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံငြိမ်းချမ်းရေးအ ထောက်အကူပြုဗဟိုကော်မတီ၏ ဆောင်ရွက်ချက်များကို ကျေးဇူးသည်ဟု ပြောကြားခဲ့ကြသည်။
ထို့ပြင် ငြိမ်းချမ်းမှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဟုပြောကြားခဲ့ကြပြီး နိုင်ငံတော်မှ ငြိမ်းချမ်းရေးအ တွက် လက်ရှိဆောင်ရွက်နေမှုများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့အတူ သိက္ခာတော်ရဆရာ ဦးစောချစ်မျိုးကလည်း သာသနာရေးဆိုင်ရာများ၊ ငြိမ်းချမ်းရေးအတွက် ခရစ် ယာန်ဂိုဏ်းပေါင်းစုံမှကူညီဆောင်ရွက်နေမှုများ၊ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် တိုင်းနှင့် ပြည်နယ်များတွင် ငြိမ်းချမ်းရေးဆုတောင်းပွဲများဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။
