မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံအစိုးရမှ အစားအစာနှင့် ဆေးဝါပစ္စည်းများကို ယနေ့ ဧပြီ ၂၃ ရက်က ဟနွိုင်းမြို့ရှိ မြန်မာသံရုံးသို့လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အစားအစာနှင့်ဆေးဝါးပစ္စည်းများအား ဗီယက်နမ်နိုင်ငံဆိုင်ရာ ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Juan Carlos Fernandes Juarez ကပေးအပ်လှူဒါန်းရာ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးစိုးကိုကိုမှလက်ခံရယူ၍ ကျေးဇူးတင်မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့ပြင် ဒါကာမြို့ရှိ Parbatya Bhikkhu Sangha Bangladesh (PBSB)နှင့် စေတနာရှင်များစုပေါင်း၍ မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် တာကာ(၁၄၀၀၀၀၀)ကို မြန်မာသံရုံး၊ ဒါကာမြို့သို့ ဧပြီ ၂၁ ရက်ကလာရောက်လှူဒါန်းရာ မြန်မာသံအမတ်ကြီးဦးကျော်စိုးမိုးမှလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ ငလျင်ဒဏ်သင့်သူများအတွက်လှူဒါန်းခဲ့ကြသည့် အစားအစာ၊ ဆေးဝါးပစ္စည်းများနှင့် အလှူငွေများအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံသို့ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်သည်။