မန္တလေး ငလျင်ကြီးပြီးနောက်ပိုင်းတွင် မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ထံသို့ လာရောက်ဖူးမြှော်သည့် ခရီးသွားများ ပိုမိုများပြားလာသည်ဟု သိရသည်။
မန္တလေးငလျင်ကြီး မလှုပ်ခတ်ခင် ပုံမှန်ရက်များတွင် ခရီးသွားထောင်ဂဏန်းမျှသာရှိခဲ့သော်လည်း လက်ရှိတွင် နေ့စဉ် ခရီးသွားဦးရေ၊ ပျမ်းမျှ တစ်သောင်း၀န်းကျင်ဝင်ရောက်လျက်ရှိကြောင်းလည်း ဘုရားကြီးဂေါပကအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မတ္တရာ-စဉ့်ကူး-မိုးကုတ်လမ်းပိုင်း၊ မန္တလေး – ပြင်ဦးလွင် – လားရှိုးလမ်းပိုင်း၊ မန္တလေး-စစ်ကိုင်းလမ်းပိုင်းတို့ ပြန်လည်သွားလာရန် အဆင်ပြေပြီးနောက်ပိုင်း ထိုကဲ့သို့ ဖူးမျှော်သူ ပြန်လည်များပြားလာခြင်းဖြစ်သည်ဟုလည်း ၎င်းကပြော သည်။
“မန္တလေးကို လာလည်ကြရင်း၊ ကုန်ပစ္စည်းတွေ လာယူကြရင်း ဘုရားကြီးကို ဦးတိုက်ကြတာပေါ့၊ ကျောင်းပိတ်ရက်တွေလည်းရှိနေခဲ့တော့ ငလျင်နောက်ပိုင်း ဖူးမြှော်သူ များ ပြားလာပါတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ် မတ် (၂၈) ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးတွင် မဟာမြတ်မုနိဘုရားကြီး၏ ကိုယ်လုံးတော်မှာ ကြီးကြီးမားမားထိခိုက်မှုမရှိခဲ့သော်လည်း ဦးခေါင်းမကိုဋ်တော်မှာမူ ကွေးညွှတ်ကျိုးပဲ့ခဲ့ပြီး ဂန္ဓာကုဋီ ကျောင်းဆောင်လည်း ထိခိုက်မှုများရှိခဲ့သည်။
ထို့ပြင် ကျောင်းဆောင်တော်၏ စိန်ဖူးတော်မှာ မြေခခဲ့ရပြီးပြတိုက် အပါအဝင် စောင်းတန်းအချို့လည်း ပျက်စီးမှုရှိခဲ့သည်။
ရက်အနည်းငယ်ကြာ ပြန်လည် မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီးနောက် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးကို ဧပြီလ လဆန်းပိုင်းတွင် ပြင်လည်ပြင်ဆင်ခဲ့ပြီး ဖွင့်လှစ်နိုင်ခဲ့သည်။
