တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Kunming Dianchi International Convention and Exhibition Centre တွင် (၁၀)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲ (China-South Asia Expo – CSAE) နှင့် အကြိမ် (၃၀) မြောက် ကူမင်းပို့ကုန်/သွင်းကုန်ကုန်စည်ပြပွဲ (Kunming Fair) သို့ မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက်မှ ၁၆ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Kunming Dianchi International Convention and Exhibition Centre တွင် (၁၀)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲ (China-South Asia Expo – CSAE) နှင့် အကြိမ် (၃၀) မြောက် ကူမင်းပို့ကုန်/သွင်းကုန်ကုန်စည်ပြပွဲ (Kunming Fair) ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါပြပွဲသည် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်အစိုးရတို့က တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းကျင်းပသည့် အရေးပါသော ကုန်သွယ်ရေးပြပွဲတစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ အများအပြား ပါဝင်ပြသမည်ဖြစ်သည်။
ပြပွဲအတွင်း Kunming Dianchi International Convention and Exhibition Centre ၏ တတိယထပ်တွင် ကဏ္ဍ (၁၃) မျိုးခွဲခြား၍ ပြသမည်ဖြစ်ပြီး ကုန်စည်နှင့် ဝန်ဆောင်မှု၊ စိမ်းလန်းစွမ်းအင်၊ ကုန်ထုတ်လုပ်မှု၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၊ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ ပြခန်းများ၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်မြှင့်တင်ရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း၊ ခေတ်မီစိုက်ပျိုးရေးနှင့် ကော်ဖီလုပ်ငန်းများ စသည့်ကဏ္ဍများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသော လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများ ပြခန်းကဏ္ဍတွင် ပါဝင်ပြသနိုင်ပြီး (၃ မီတာ x ၃ မီတာ x ၃.၅ မီတာ) အရွယ်အစားရှိ Standard Shell Scheme Booth တစ်ခန်းလျှင် တရုတ်ယွမ် ၇,၁၀၀ ဖြင့် ငှားရမ်းနိုင်သည်။
ထို့အပြင် စားပွဲနှင့် ထိုင်ခုံမပါသော Raw Space ကိုလည်း တစ်စတုရန်းမီတာလျှင် တရုတ်ယွမ် ၇၁၀ ဖြင့် ငှားရမ်းနိုင်ကြောင်း သိရသည်။
ထို့ပြင် အာဆီယံနိုင်ငံများအနေဖြင့် Standard Booth ၁၅ ခန်းလျှင် ၁ ခန်း အခမဲ့ (“15 free 1”) ခံစားခွင့်ရရှိမည်ဖြစ်ပြီး စရန်ငွေများကိုလည်း သတ်မှတ်နှုန်းထားအတိုင်း ပေးသွင်းရမည်ဖြစ်သည်။ အကယ်၍ ပြခန်းအရေအတွက် ၂၈ ခန်းနှင့်အထက် (သို့မဟုတ်) Raw Space ၂၅၂ စတုရန်းမီတာနှင့်အထက် ပါဝင်ပြသပါက ကိုယ်စားလှယ်များအား ကူမင်းမြို့ရှိ သတ်မှတ်ထားသော ဟိုတယ်များတွင် ၆ ညအိပ် ၇ ရက် အခမဲ့တည်းခိုခွင့်နှင့် ပြပွဲသို့ ကြိုပို့ယာဉ်များ စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် ပါဝင်ပြသလိုသည့် မြန်မာကုန်သည်များနှင့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးထားသည်။
