နေပြည်တော်၊ စက်တင်ဘာ ၁၂
ကမ္ဘောဒီးယားနိုင်ငံသို့ နှစ်ရက်ကြာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၂ ရက် ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတသည် စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ခြင်းဖြစ်သည်။
ခရီးစဉ်ပြီးဆုံးပြီးနောက် နိုင်ငံတော်သမ္မတသည် ယနေ့ ညနေတွင် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့ရှိ Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။
နိုင်ငံတော်သမ္မတ စီးနင်းလိုက်ပါလာသည့် အထူးလေယာဉ်သည် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ယနေ့ညတွင် ဆိုက်ရောက်ခဲ့ရာ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ကမ္ဘောဒီးယားသံရုံးမှ တာဝန်ရှိသူများက နိုင်ငံတော်သမ္မတအား ကြိုဆိုခဲ့ကြသည်။
နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေး၊ အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်းနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးတိုးမြှင့်ရေးအပြင် စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။
ခရီးစဉ်အတွင်း မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ စုစုပေါင်း လေးစောင်ကိုလည်း လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို ဆက်လက်ဖော်ဆောင်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။
