ထိုင်ဝမ်ကို လက်နက်ရောင်းချပေးရန် မကြာသေးမီက အတည်ပြုခဲ့သည် အမေရိက၏ လုပ်ရပ်အတွက် ပြတ်ပြတ်သားသား တန်ပြန်အရေးယူဆောင်ရွက်သွားမည်ဟု တရုတ်နိုင်ငံက ကတိပြုလိုက်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ဆိုးရွားစွာထိပါးသည့် အဆိုပါအရောင်းအဝယ်ကို ကန့်ကွက်လွှာပို့ခဲ့ကြောင်း ပြောကြားခဲ့သည်။
F-16 ဂျက်တိုက်လေယာဉ်များအတွက် အပိုပစ္စည်းနှင့် အထောက်အပံ့ပစ္စည်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃၈၅ သန်းဖိုးရောင်းချပေးရေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပေးခဲ့သည် ဟု ပင်တဂွန်က သောကြာနေ့တွင် ပြောကြားခဲ့သည်။
ဟာဝိုင်ယီနှင့် အမေရိကန်ပိုင် ဂူအမ်တို့လည်းပါဝင်သည့် ပစိဖိတ်ဒေသရှိ တိုင်ပေ၏ သံတမန်ရေးမဟာမိတ်သုံးနိုင်ငံခရီးစဉ်အတွက် ထိုင်ဝမ်သမ္မတ လိုင်ချင်းတေ မထွက်ခွာမီတွင် လက်နက်ရောင်းချရေး ကြေညာချက်ထွက်လာခြင်းဖြစ်သည်။
အဆိုပါရောင်းချမှုသည် ထိုင်ဝမ်လွတ်လပ်ရေးအင်အားစုသို့ မှားယွင်းစွာ အချက်ပြလိုက်ခြင်းဖြစ်ပြီး အမေရိက-တရုတ်ဆက်ဆံရေးကို ပျက်ယွင်းစေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့သည်။
တရုတ်သည် ဒီမိုကရေစီနည်းလမ်းတကျအုပ်ချုပ်သော ထိုင်ဝမ်ကို ၎င်း၏ ပိုင်နက်အဖြစ် မှတ်ယူထားပြီး ဝါရှင်တန်နှင့် ဆက်ဆံရေးတွင် ယင်းအရေးကိစ္စသည်အရေးအကြီးဆုံးအကြောင်းအရာအဖြစ် သတ်မှတ်ထားသည်။ တရုတ်သည် ထိုင်ဝမ်သမ္မတလိုင်ချင်းတေကိုလည်း ခွဲထွက်ရေးသမားအဖြစ် သုံးနှုန်းကာ သူ့အပေါ် လုံး၀ သဘောမကျမှုကို ပြသခဲ့သည်။
ထိုင်ဝမ်ကမူ တရုတ်၏ ပိုင်နက်နယ်မြေဖြစ်ကြောင်း ပြောဆိုမှုကို ပယ်ချသည်။
Ref: ယူအက်စ်နူးစ်
