ကန့်ဘလူ သင်္ကြန် ပွဲတော်တွင် လမ်းလျောက်သင်္ကြန်နှင့်အတူ ယိမ်းအကအဖွဲ့များက ဖျော်ဖြေကြမည်ဖြစ်ပြီး စတုဒီသာ ကျွေးမွေးခြင်း၊ သက်ကြီးဘိုးဘွားများ ကန်တော့ခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းများကို ကျင်းပသွားမည်ဖြစ်သည်။
ကန့်ဘလူမြို့ မဟာအတာသင်္ကြန် ပွဲတော်ကို ရိုးရာအစဥ်အလာမပျက် ကျင်းပနိုင်ရေး၊ ယဥ်ကျေးမှုနှင့်အညီ ပျော်ရွှင်အေးချမ်းစွာ ဆင်နွှဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ (၂)ရက် ၊ မွန်းလွဲ (၁)နာရီက ကန့်ဘလူခရိုင် စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကျင်းပသည်။
“မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်ပွဲတော်အဖြစ် အစဥ်အလာမပျက် ကျင်းပသွားမှာဖြစ်ပါတယ်။ မဏ္ဍပ်ဆောက်လုပ်ရေး၊ ယိမ်းအကအဖွဲ့များဖျော်ဖြေရေး၊ ရေရရှိရေး၊ စတုဒီသာကျွေးမွေးရေး၊ လုံခြုံရေးဆိုင်ရာဆောင် ရွက်မည့် အခြေအနေများ၊ သက်ကြီးဘိုးဘွားများ ကန်တော့တာနဲ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်တာတွေကျင်းပသွားမှာပါ”ဟု ကန့်ဘလူ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်က ပြောသည်။
အစည်းအဝေးသို့ တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများ ကို ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ကန့်ဘလူမြို့တွင် ကျင်းပမည့်လမ်းလျှောက်သင်္ကြန်ပွဲတော်ကို သင်္ကြန်အကြိုနေ့ ညနေပိုင်းတွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်မည်ဖြစ်ပြီး ပွဲတော်ရက်အတွင်း စတုဒီသာအဖြစ် သင်္ကြန်ရိုးရာအစား အစာကျွေးမွေးမည်ဖြစ်ကာ ဗဟိုမဏ္ဍပ်တွင် ယိမ်းအကအလှများဖြင့် ဖျော်ဖြေဧည့်ခံရန် စီစဥ်ထားကြောင်း သိရသည်။
