မော်တင်စွန်းဘုရားထီးတင်ပွဲတုန်းက သွားရောက်ပြီးအနုပညာနဲ့ကုသိုလ်ယူဖြစ်ခဲ့တဲ့ ပွင့်နဒီမောင်က သူကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေအကြောင်း ပြန်လည်ပြောပြပါတယ်။ တန်ခိုးကြီးတော်မူလှတဲ့မော်တင်စွန်းစေတီတော်မြတ်ကြီးဟာ နဂါးသိုက်ဆက်တွေရှိတယ်လို့လည်းနာမည်ကြီးလှပါတယ်။ စေတီတော်ထီးတင်ပွဲကိုတစ်ရက်ပဲသွားမယ်လို့ကြံရွယ်ထားတဲ့ ပွင့်နဒီမောင် တစ်ယောက် ထီးတင်ပွဲမှာ၂ ရက်တိုင်နေဖြစ်ခဲ့ပါတယ်။
“ပိုးအိကတစ်ရက်ပဲပထမကသီချင်းဆိုဖို့သွားတာပေါ့။ ဘုရားထီးတင်ကတော့ ၂ရက် ဆိုတာ အရင်ကတည်းကသိတယ်။ ဒါပေမဲ့ တစ်ရက်က ကားရိုက်နဲ့ငြိနေတာဆိုတော့ တစ်ရက်ပဲအနုပညာနဲ့ကုသိုလ် ပြုမယ်ဆိုပြီးတော့သွားတာ။ ဟိုရောက်သွားတဲ့အချိန်မှာဘာဖြစ်လို့မှန်းမသိဘူး။ မော်တင်စွန်းဘုရားတန်ခိုးကြီးတယ်ဆိုတာလဲသိတယ်။ ဒါပေမဲ့ ပိုးအိသမိုင်းကို Detail မသိဘူး။ ဟိုရောက်တဲ့အချိန်မှာ ဘုရားသမိုင်းအကြောင်း မိုက်နဲ့ပြောတဲ့အချိန်မှာ ဘယ်လိုဖြစ်သွားမှန်းမသိဘူး။ နေချင်စိတ်တေဖြစ်သွားတယ်။ ပိုးအိသီချင်းဆိုတဲ့အချိန်ကအလယ်အရစ်ပဲ ထီးတင်တာ။ နောက်နေ့ကျတော့မှပဲ စေတီတစ်ဆူလုံးတင်တာပေါ့။ အဲ့ဒီမှာနေချင်စိတ်ပေါက်လာတယ်။ အင်္ကျီကလဲတစ်စုံပဲရှိတဲ့အခါကြတော့ ရွာမှာပဲသွားဝယ်ပြီး နေလိုက်တာပေါ့” လို့ ပွင့်နဒီမောင်က ပြောပါတယ်။ ထီးတော်တင်ပွဲ ဌာပနာသွင်းတဲ့အခါမှာလည်း သိပ်ကိုလှူချင်လွန်းအားကြီးတဲ့အတွက် သူမလက်မှာပတ်ထားတဲ့ လက်ပတ်နာရီကို ချွတ်လှူလိုက်ကြောင်းကိုလည်း ပွင့်နဒီမောင်က အခုလိုပြောပါတယ်။
” ပိုးအိက ဘုရား၊ တရား ကိုတအားလုပ်တဲ့အထဲမှာလဲ မပါဘူး။ ဒါပေမဲ့ မလုပ်တဲ့အထဲမှာလည်း မပါဘူး။ ထီးတင်ပွဲမှာ ဆရာတော် ၊ သံဃာတော်တွေ ၊ ဆရာလေးတွေအများကြီးပဲ။ ပိုးအိတို့က နောက်မှာပေါ့။ အဲ့ဒီအချိန်မှာလေ ငိုချင်တာဘယ်လိုမှထိမ်းလို့မရဘူး။ မျက်ရည်တွေ ပေါက်ပေါက်ကျလာတယ်။ ဘာဖြစ်သွားမှန်းလဲမသိဘူး။ အဲ့ဒီဌာပနာထဲကို ထည့်ချင်တာပေါ့နော်။ ပိုးအိတို့ကရွှေလည်းသိပ်မဝတ်ဘူး။ လမ်းခရီးသွားရင်ပိုက်ဆံကလည်းအများကြီးဆောင်သွားလေ့မရှိဘူး။ အဓိကက ဝတ္ထုငွေလှူတာကလှူမယ်ဆိုပြီး ပြောလှူလို့ရသေးတယ်။ ဌာပနာထဲကိုထည့်ဖို့ကျတော့ ကိုယ့်မှာရွှေမပါလာဘူး။ မပါတဲ့အခါကြတော့တအားဝမ်းနည်းလာတယ်။ အဲ့ဒါနဲ့ ကိုဇေတို့ ၊ မနန္ဒာတို့ကို ကပ်ပြီးတော့ သမီးဆီမှာလှူစရာဆိုလို့နာရီပဲပါတယ်။သမီး ဒီနာရီလေး ဌာပနာထည့်ချင်တယ်၊ ရမလားဆိုပြီးပြောတော့ ဘုန်းဘုန်းကိုကိုယ်တိုင် လျှောက်လိုက်ပါ့လားတဲ့။ ပိုးအိကျိုက်ထီးဆောင်း ဆရာတော်ကြီးဆီရောက်ဖို့ တော်တော်သွားရသေးတယ်။ ရောက်သွားပြီး တပည့်တော် ဖေဖေ့ကို ရည်စူးပြီး ငွေသား ၂ သိန်းလှူချင်တယ် ၊ ပြီးတော့ သမီးမှာ လှူစရာတန်ဖိုးကြီးပစ္စည်းပါမလာဘူး။ သမီးလက်မှာပတ်ထားတဲ့နာရီလေးကိုလှူချင်တယ်လို့ ဘုန်းဘုန်းကိုလျှောက်တော့ ဘုန်းဘုန်းကရတာပေါ့။ ဆန္ဒ ရှိဖို့ပဲလိုတယ်သမီးဆိုပီး ဌာပနာထဲကိုထည့်လိုက်တယ်။ သိပ်ကိုပီတိဖြစ်ရပါတယ်။ သာသနာရေးဝန်ကြီးကလည်း နာရီလှူတယ်ဆိုတာ တအားကောင်းပါတယ်။ ဘဝမှာ ရယ်ရယ်မောမော နဲ့အဆုံးသတ်ရပါစေဆိုပြီးဆုတွေပေးတာပေါ့” လို့ ပွင့်နဒီမောင် ထံမှ သိရှိခဲ့ရပါတယ်။
မျိုးမောင်