ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ နိုဝင်ဘာလကုန်အထိ ပြည်ပသို့ ပြောင်းတင်ပို့မှုအနေဖြင့် တန်ချိန် (၁ ဒသမ ၈၈)သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၄၄၇)သန်း တင်ပို့ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။
မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိပြီး တရုတ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံမှ မြန်မာ့ပြောင်းတင်ပို့မှုကို လာမည့် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ဩဂုတ်လကုန်အထိ (၇)လအတွင်း အခွန်ကင်းလွတ်ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ ပြောင်းသည် စိုက်ပျိုးထွက် ရှိမှုပမာဏအားဖြင့် ဆန်ပြီးလျှင် ဒုတိယအများဆုံးထွက်ရှိသော ထုတ်ကုန်ဖြစ်ပြီး ပြည်ပသို့တင်ပို့မှုမှ နိုင်ငံခြား ဝင်ငွေရရှိမှုကို နှိုင်းယှဉ်ပါက ပဲမျိုးစုံနှင့် ဆန်ပြီးလျှင် ပြောင်းသည် တတိယ အများဆုံးဖြစ်သည်။
လက်ရှိတွင် ပြည်တွင်း၌ တစ်နှစ်လျှင် ပြောင်းထုတ်လုပ်မှု ပမာဏ မက်ထရစ်တန်ချိန် (၃ ဒသမ ၂) သန်းခန့်ရှိသည့်အနက် တန်ချိန် (၂ ဒသမ ၂) သန်းခန့်ကို ပြည်ပသို့ တင်ပို့ပြီး ကျန်တန်ချိန် တစ်သန်းခန့်ကို ပြည်တွင်း၌ သုံးစွဲကြောင်း သိရသည်။