မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေ စက်တော်ဘုရားကြီး၏ (၇၅)ရက်ကြာကျင်းပမည့် (၂၅၉၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ယနေ့ ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းမှစတင်၍ အခမ်းအနားဖြင့်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးနှင့် မန်းရွှေစက်တော်ဘုရားကြီး၏ ဩဝါဒါစရိယဆရာတော်ကြီးများကြွရောက်တော်မူခဲ့ကြပြီး မကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။
အခမ်းအနားတွင် မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓ ပူဇနိယပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် မင်္ဂလာမုခ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ခြင်း၊ မင်္ဂလာမုခ်ဦး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ခြင်း၊ ဇီဝိတဒါနအဖြစ် ငှက်လွှတ်ခြင်းနှင့် ငါးလွှတ်ခြင်း ၊ အောက်စက်တော်ရာ(ခြေတော်ရာ)အလင်း ပေါက်ဖန်အုပ်စောင်းတော်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ခြင်း၊ အထက်စက်တော်ရာ ပါဒစေတီတော်မြတ်သံတံခါးအား ဖွင့်လှစ်ပေးခြင်း၊ ရွှေသင်္ကန်းများကပ်လှူပူဇော်ခြင်းများပြုလုပ်ခဲ့ကြသည်။
ထို့နောက် ကြွရောက်တော်မူလာကြသည့် ဆရာ တော်/သံဃာတော်များက ဗုဒ္ဓပါဒစေတီတော် (ခြေတော်ရာ)နှစ်ဆူနှင့် အောက်စက်တော်ရာ (ခြေတော်ရာ)အနီး၌ အသစ်တည်ထားကိုးကွယ်သည့် ဆုတောင်းပြည့်လိုတရ နမ္မဒါ နဂါးရုံဘုရားအား ဗုဒ္ဓါဘိသကေအနေကဇာတင်တော်မူခဲ့ကြသည်။
မန်းရွှေစက်တော်ဘုရား၏ (၂၅၉၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ (၇၅)ရက်ကြာကျင်းပသွားမည်ဖြစ်ကာ အနယ်နယ်ရပ်ရပ်မှဘုရားဖူးများ ညအိပ်တည်းခိုနားနေနိုင်ရန် တည်းခိုဆောင်အခန်း (၃၀၀)ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း(၃၅၀)ခန့်ဆောက်လုပ်ပေးထားသည်။