ဆေးတက္ကသိုလ်(မန္တလေး)၏ ဇီဝခန်းမတွင် ဇန်နဝါရီ ၃၀ ရက်နံနက်ပိုင်းက (၆)ကြိမ်မြောက် ဝိဉာဉ်မဲ့မြတ်ဆရာပူဇော်ပွဲအခမ်းအနားကိုကျင်းပရာ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်တက်ရောက်ခဲ့သည်။
အခမ်းအနားအား ခန္ဓာကိုယ်လှူဒါန်းပေးခဲ့ကြသော ဝိဉာဉ်မဲ့မြတ်ဆရာများ၏ ဂုဏ်ကျေးဇူးကို တစ်မိနစ်ငြိမ်သက်ဂုဏ်ပြု၍ဖွင့်လှစ်ခဲ့ကြပြီးနောက် မန္တလေးတိုင်းဝန်ကြီးချုပ်မှ ဆေးပညာ သည် လူ့အသက်နှင့်ဆိုင်သောပညာရပ်ဖြစ်ပြီး အတွေ့အကြုံနှင့်ပညာ အချိုးတကျပေါင်းစပ်ပါဝင်ရမည်ဖြစ်ရာ အတွေ့အကြုံကောင်းများ ပညာများရှာဖွေရာတွင် ဝိဉာဉ်မဲ့မြတ်ဆရာများမှာ မရှိမဖြစ်ကဏ္ဍတွင်ပါဝင်လာသည်ဟု ပြောသည်။
ထို့ကြောင့် ခန္ဓာကိုယ်လှူဒါန်းပြီး ပညာပေးဝေသော မြတ်ဆရာတို့၏ ကျေးဇူးကိုသိတတ်သောအားဖြင့် သမားကောင်းဂုဏ်ရည်နှင့်ပြည့်ဝပြီး တော်သော၊ တတ်သော၊ မြင့်မြတ်သော ဆရာဝန်ကောင်းများဖြစ်အောင်ကြိုးစားသွားကြရမည်ဟုလည်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ဝိဉာဉ်မဲ့မြတ်ဆရာများအား ဂုဏ်ပြုပန်းများဖြင့် ဂါရဝပြုခဲ့ကြကာ မန္တလေးတိုင်းဝန်ကြီးချုပ်မှ ဝိဉာဉ်မဲ့မြတ်ဆရာပူဇော်ပွဲနှင့်ပတ်သက်၍ ဂုဏ်ပြုရိုက်ကူးထားသည့် ဇာတ်လမ်းတိုတင်ဆက်ပြသမှုများနှင့် ဂုဏ်ပြုသီဆိုမှုများကိုကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့သည်။
ဆေးပညာသင်ကြားရာတွင် ခန္ဓာဗေဒပညာရပ်ကို လက်တွေ့ကျကျလေ့လာသင်ယူခွင့်ရရှိစေရန် ခန္ဓာကိုယ်လှူဒါန်းပေးခဲ့ကြသော ဝိဉာဉ်မဲ့မြတ်ဆရာများ၏ ဂုဏ်ကျေးဇူးကိုသိရှိနားလည်စေရန်၊ သက်ရှိလူနာများကို မိမိကိုယ်တိုင်ခွဲစိတ်ကုသမှုမပြုလုပ်ခင် ခွဲစိတ်ပညာရပ်နှင့်ပတ်သက်သော အတွေ့အကြုံများရရှိစေရန် ဝိဉာဉ်မဲ့မြတ်ဆရာများ ၏ အခန်းကဏ္ဍမှာအလွန်အရေးပါကြောင်းကို သိရှိနားလည်စေရန်၊ အသက်ရှင်ကျန်းမာနေစဉ်အတွင်း အများကောင်းကျိုးဆောင်ရွက်နိုင်သကဲ့ သို့ သေဆုံးပြီးချိန်တွင်လည်း ဆေးပညာလောကအတွက် မိမိတို့ခန္ဓာကိုယ်ကိုလှူဒါန်းခြင်းဖြင့် ကောင်းကျိုးဆက်လက်သယ်ပိုးနိုင်ကြောင်း သိရှိနားလည်စေရန်ရည်ရွယ်၍ ဝိဉာဉ်မဲ့မြတ်ဆရာပူဇော်ပွဲကျင်းပရခြင်းဖြစ်သည်။