ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲအတွက် ရွေးချယ်ထားသည့် ဆန်ကာတင် ဇာတ်ကားများထဲတွင် ထူးထူးခြားခြားအနေဖြင့် ဂီတနှင့် ရုပ်ရှင်တွဲဖက်ရိုက်ကူးထားသည့် ဇာတ်ကားတစ်ကားပါဝင်နေသည်။
” အိပ်မက်ကာရန်” အမည်ရ အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ အကယ်ဒမီ ဝင်းလွင်ထက်က ဖန်တီးပုံဖော်ထားပြီး အကယ်ဒမီနေတိုးနှင့် အဆိုတော် နီနီခင်ဇော်က အဓိကဇာတ်ကောင်နေရာတွင် ပါဝင်သရုပ်ဆောင်ထားပြီး အကယ်ဒမီ ဓိရာမိုရ်က Music Director အနေဖြင့် တာဝန်ယူထားခြင်း ဖြစ်သည်။
ရုပ်ရှင်အသိုင်းအဝိုင်းနှင့် ပရိသတ်အချို့က နီနီခင်ဇော်အကယ်ဒမီရနိုင်သည်ဟု ထင်ကြေးပေးခန့်မှန်းမှုများလည်း ရှိနေသလို အဆိုပါ ဇာတ်ကားမှာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု ရနိုင်သည်ဟု ခန့်မှန်းမှုများလည်း ရှိနေသည်။
အကယ်၍ နီနီခင်ဇော်သာ အကယ်ဒမီရရှိခဲ့မည်ဆိုပါက သူ့အနေဖြင့် အကယ်ဒမီ နောင်နောင်၏ နောက်တွင် ရုပ်ရှင်တစ်ကားတည်းဖြင့် အကယ်ဒမီရရှိသူ ဖြစ်လာမည့်အပြင် (၅) ဦးမြောက် လူငယ်အဆိုတော် အကယ်ဒမီ သရုပ်ဆောင်လည်း ဖြစ်လာမည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ကျင်းပသည့် ၂၀၂၃ ခုနှစ် အကယ်ဒမီချီး မြှင့်ပွဲတွင် အကောင်းဆုံး ဇာတ်ဆောင်ဆုအနေဖြင့် အဆိုတော် နေဝင်းမှ အကယ်ဒမီ ရရှိခဲ့ပြီး ရှေ့နှစ်များတွင်လည်း လူငယ်အဆိုတော်များဖြစ်သည့် ထွန်းထွန်း၊ ရွှေထူး၊ စိုင်းစိုင်းခမ်းလှိုင်တို့လည်း အကယ်ဒမီဆုများ ရရှိထားသည်။
“အိပ်မက်ကာရန်” ဇာတ်ကားတွင် အကယ်ဒမီ နေတိုး ၊ လွှမ်းပိုင် ၊ နီနီခင်ဇော် ၊ Special Guest – မေခလာ ၊ တင်ဇာမော် ၊ ချောစုခင် ၊ အောင်ထက်၊ စိုင်းစည်တွမ်ခမ်း ၊ ဝိုင်းလေး ၊ ယွန်းရွှေရည် ၊ ဆုမြတ်နိုးဦး ၊ စင်သီယာ ၊ ရွှေပိုးကောင် ၊ ဆွိ ၊ အောင်ကိုမိုးစသည့် အနုပညာရှင်များစွာပါဝင် သရုပ်ဆောင်ထားသည်။