မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြိုနယ်၊ ဆားခါးကျေးရွာအနီး မြေဧက ၇၉၅ ဧက ပေါ် မှာရှိတဲ့ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းကို နစက စက်မှုဝန်ကြီးဌာနက အမြန်ဆုံးပြန်လည်စတင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စက်ရုံအမြန်ဆုံးပြန်လည်ပါတ်နိုင်ဖို နစက စက်မှုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်တဲ့ အစည်းအဝေးကို ခုရက်ထဲ လုပ်ခဲ့ပြီး ဝန်ကြီးဒေါက်တာချာလီသန်းက ဝန်ထမ်းတွေကို သံမဏိစက်ရုံ တည်ဆောက်ရေး လုပ်ငန်းတွေ အောင်မြင်အောင် အားသွန်ခွန်စိုက် အလေးထားကြိုးစားကြဖို့ မှာကြားတဲ့အကြောင်း စက်မှုဝန်ကြီးဌာနက သတင်းတစ်ရပ် ထုတ်ပြန်ထားတာရှိပါတယ်။
သံမဏိစက်ရုံ မြင်းခြံကို လွန်ခဲ့တဲ့ ၁၇နှစ်က ၂၀၀၄ခုနှစ်က မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC)နဲ့ အီတလီနိုင်ငံက Danienli Co.,Ltd တိုက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး သံမဏိစက်ရုံ (မြင်းခြံ) ရဲ့ ပထမ အဆင့် စီမံကိန်း ကို နိုင်ငံပိုင် ငွေကြေးနဲ့ အသုံးပြုခဲ့တာလို့ ပြီးခဲ့တဲ့ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေအရ သိရပါတယ်။
NLD အစိုးရ တက်လာပြီးနောက်ပိုင်း ၂၀၁၇ခုနှစ်က ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ အရှုးပေါ်နေတဲ့ စက်ရုံတွေနဲ့ ဆောက်လက်စ စက်ရုံပေါင်း ၂၈ ခုကို ရပ်ဆိုင်းလိုက်တာမှာ အခုအမြန်ဆုံးပြန်လည် လည်ပါတ်မယ်ဆိုတဲ့ သံမဏိစက်ရုံ (မြင်းခြံ)လည်း ပါဝင်ခဲ့တာပါ။
နစကဝန်ကြီးဒေါက်တာချာလီသန်းက တည်ဆောက်ရေးလုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေ၊ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံဖြိုးတိုးတက်ဖို့ သံနဲ့သံမဏိဟာ မရှိမဖြစ် အရေးကြီးဆုံး ကဏ္ဍကနေ ပါဝင်တယ် လို့ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ရပ်ဆိုင်းထားတဲ့ မြင်းခြံသံမဏိစက်ရုံ စီမံကိန်းဟာ တရုတ် CDB ဘဏ်ကနေ ချေးယူထားတဲ့ ယူရို ၁၁၁၇ သန်းအတွက် နေ့စဉ်အတိုးရင်းပေါင်း ကျပ်သိန်းငါးထောင်နီးပါး ပေးဆပ်နေရပြီး ၂၀၃၂- ၃၃ ဘဏ္ဍာနှစ်အထိ ပေးရမယ်လို့ ထိုစဉ်က အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က လွှတ်တော် ကိုယ်စားလှယ်တွေကိုပြောကြားထားတာရှိပါတယ်။
ဒါ့အပြင် သံမဏိ စက်ရုံစီမံကိန်းအတွက် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC က တရုတ်နိုင်ငံ China Development bank (CDB) မှ ယူရို ၁ ဒသမ ၁၁၇ ဘီလျံချေးယူခဲ့ပြီး အတိုးရင်း ၁ ဒသမ ၆၂၅ ဘီလျံဖြစ်နေတဲ့ အတွက် ၂၀၁၈-၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ CDB သို နေ့စဉ်ပေးဆပ်နေရတဲ့ အတိုးအပေါင်းအရင်း က ယူရိုငွေ ၃၁၅၂၇၁.၁၂ ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ယူရိုငွေ ၃၀၆၀၅၆.၅၅ ဖြစ်တာမို နေ့စဉ်ပေးနေရတဲ့ငွေ က မြန်မာကျပ်ငွေနဲ့ တွက်ကြည့်ရင် သိန်းပေါင်း ၄၉၃၀ ကို နေ့စဉ်ပေးဆပ်နေရတယ်လို့လည်း ဦးဇာနည်အောင်က ဖြေကြားဖူးတာရှိပါတယ်။
သံမဏိစက်ရုံ (မြင်းခြံ) ဟာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်မှစ၍ Steel Billet နဲ့ Steel Slab တို့ကို Semi-Product အဆင့်သာ ထုတ်လုပ်နိုင်ခဲ့ပြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တစ်ခုတည်းကိုသာ ဖြန့်ဖြူးနိုင်ခဲ့တာပါ။
နောက်ပိုင်း စက်ရုံက နှစ်စဉ်ဆိုသလို ဘီလီယံချီပြီး ဆက်တိုက် အရံှးပေါ်ခဲ့တာတွေ့ရပါတယ်။
ဒါ့ကြောင့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ဘက်က ၂၀၁၇မှာ ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒါပေမယ့် လွတ်တော်ဘက်က မြင်းခြံ သံမဏိစက်ရုံစီမံကိန်းကို ရပ်ဆိုင်းလိုက်ပေမယ့် NLDအစိုးရ စက်မှုဝန်ကြီးဌာနကတော့ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းလုပ်ငန်းကိုမရပ်ဆိုင်းဘဲ ပြန်စဖို့ ၂၀၁၈ခုနှစ် မတ်လ ၂၁ရက်မှာ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်ကိုတောင်းဆိုခဲ့ဖူးတာရှိပါတယ်။ အဲ့ဒီတုန်းက ဝန်ကြီးဦးခင်မောင်ချိုက ဒီစီမံကိန်းကို ဆက်လက် ရပ်ဆိုင်း ထားမယ်ဆိုရင် ပြီးပြတ် အောင် လုပ်နိုင်စွမ်းမရှိတဲ့ သမိုင်းမှတ်တိုင်တခု အဖြစ် ကျန်ရစ်လိမ့်မယ်လို့ ပြောဆိုခဲ့ဖူးတာရှိပါတယ်။ ဒါ့အပြင် NLD စီမံဘဏ္ဍာ စက်မှုဝန်ကြီးဌာနက ၂၀၂၀ ဇူလိုင် ၇ရက်မှာ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းကို ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ အကျိုးတူဆောင်ရွက်ဖို့ဆိုပြီး ကုမ္ပဏီ၅ခုကို အကြို ဆန်ကာတင်ရွေးချယ်ထားတာရှိပါတယ်။
နစကဘက်ကတော့ ၄နှစ်ကျော် ရပ်နားထားတဲ့ သံမဏိစက်ရုံကို ပြန်လည်ပါတ်ရန် စီစဉ်နေတယ်လို့ ပြောပြီး ဘယ်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်၊ အရံှးမပေါ်အောင် ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ သတင်း ထုတ်ပြန်မှုတော့ မလုပ်သေးပါဘူး။