ဝေးလံဒေသကျောင်းသားများ အလွယ်တကူ သိရှိနိုင်ရေး စီစဉ်
လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဝေးလံဒေသများရှိ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို အချိန်မီ အလွယ်တကူ သိရှိနိုင်စေရန် ဇွန် ၂၈ ရက် နံနက် ၆ နာရီမှစတင်၍ မြန်မာ့အသံ (ရေဒီယို) တိုင်းရင်းသားအစီအစဉ်များမှ ထုတ်လွှင့်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အောင်စာရင်းများကို တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်း တစ်ရက်တည်း ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သတ်မှတ်စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထုတ်လွှင့်မည့် စာစစ်ဌာနများတွင် ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)၊ တနင်္သာရီ၊ မကွေး၊ စစ်ကိုင်း၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ စာစစ်ဌာနများ ပါဝင်မည်ဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲအတွက် သတ်မှတ်စာစစ်ဌာနများ၏ အောင်စာရင်းများကိုလည်း တစ်ပါတည်း ထုတ်လွှင့်ကြေညာပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အောင်စာရင်းထုတ်လွှင့်မှုကို မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် လှိုင်းတို (၅၀.၇၁ မီတာ၊ ၅၉၁၅ ကီလိုဟက်ဇ်) နှင့် အောက်ပိုင်းဒေသများတွင် လှိုင်းလတ် (၄၁၁.၅၂ မီတာ၊ ၇၂၉ ကီလိုဟက်ဇ်) တို့မှ ဖမ်းယူနားဆင်နိုင်ကြောင်း သက်ဆိုင်ရာက အသိပေးထားသည်။
