၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းကို လာမည့် စက်တင်ဘာ ၂၈ ရက်မှ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ထားသည်။
တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန်အတွက် စာမေးပွဲဖြေဆိုခဲ့သည့် စာစစ်ဌာနများမှ ကြီးကြပ်ရေးမှူးများဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ်၊ ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံစာအိတ်တို့ကို စက်တင်ဘာ ၂၈ ရက်မှစတင်၍ ကိုယ်တိုင်ထုတ်ယူရမည်ဖြစ်သည်။
ထို့နောက် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်များကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ စနေ၊ တနင်္ဂနွေနေ့များနှင့် ရုံးပိတ်ရက်များအပါအဝင် ပိတ်ရက်မရှိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လျှောက်လွှာများကို မြန်မာနိုင်ငံတစ်ဝန်းရှိ သတ်မှတ်ထားသော တက္ကသိုလ် ၂၅ ခုတွင် လက်ခံပေးသွားမည်ဖြစ်သည်။
သတ်မှတ်ထားသည့် လျှောက်ထားရမည့်ရက် ကျော်လွန်သွားသူများအနေဖြင့် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သို့ ပေးပို့၍ လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် သတ်မှတ်ထားသည့် ရက်အတွင်း လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လျှောက်ထားကြရန် လိုအပ်မည်ဖြစ်သည်။
