ပြီးခဲ့သည့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ပြောင်းတန်ချိန် (၂)သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။
အဆိုပါ တင်ပို့မှုပမာဏသည် ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်ထက်ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်လည်း ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နေကြောင်း သိရသည်။
ဖေဖော်ဝါရီ (၁)ရက်မှ ဩဂုတ်လ (၃၁) ရက်အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့နေပြီး တန်ချိန် သောင်းဂဏန်းဝန်းကျင်သာ တင်ပို့ထားကြောင်း သိရသည်။
လက်ရှိတွင် ကမ္ဘာ့ပြောင်းဈေးမှာ ကျနေသလို ငွေလဲနှုန်းသည်လည်း အတတ်အကျမရှိ တည်ငြိမ်နေသည့်အတွက် မြန်မာ့ပြောင်းဈေးသည် အကျဈေးဖြင့် ငြိမ်နေကြောင်း သိရသည်။
ပြည်ပပြောင်းတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းအပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့်လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ပြောင်းကိုတာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ထိုင်းသို့ တင်ပို့လျက်ရှိပြီး မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တင်ပို့ရန် ပြင်ဆင်နေသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အဆိုပါဒေသတွင် စိုက်ပျိုးထားသည့် ပြောင်းအနည်းငယ်ကိုသာ တင်ပို့နေကြောင်း သိရသည်။
