ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပသည့် (၁၃) ကြိမ်မြောက် အာရှ - ပစိဖိတ်ဒေသ အပြည်ပြည်ဆိုင်ရာ ဥပဒေဖိုရမ်သို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့သည်။
အဆိုပါ (၁၃) ကြိမ်မြောက် အာရှ - ပစိဖိတ်ဒေသ အပြည်ပြည်ဆိုင်ရာ ဥပဒေဖိုရမ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘက်မြို့၌ စက်တင်ဘာ (၂၁) ရက်မှ (၂၄)ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖိုရမ်သည် အာရှ – ပစိဖိတ်ဒေသတွင်းနိုင်ငံများ၏ တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် နှစ်နှစ်လျှင် တစ်ကြိမ်ကျင်းပသော ဖိုရမ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ တရားစီရင်ရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် အာရှနှင့် ပစိဖိတ်ဒေသနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်လျက်ရှိရာ ဤဖိုရမ်သို့ တက်ရောက်ခြင်းဖြင့် ဒေသတွင်းရှိ တရား သူကြီးချုပ်များ၊ တရားစီရင်ရေးအကြီးအကဲများနှင့် အမြင်ချင်းဖလှယ်ပြီး သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုတရားသူကြီးချုပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယာယီတရားသူကြီးချုပ် H.E Mr. Yuri Ivanenko နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားလွှတ်တော်ချုပ်တို့အကြား တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် နှစ်နိုင်ငံ တရားစီရင်ရေးနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဖိုရမ်တွင် အခွန်ဥပဒေ၊ အကောက်ခွန်ဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေနှင့် မူပိုင်ခွင့်ဥပဒေဆိုင်ရာ တရားစီရင်ရေးနှင့်သက်ဆိုင်သည့် ဥပဒေပြဿနာရပ်များကို စာတမ်းဖတ်ကြားဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာလီစံက “Intellectual Property Rights Protection in Myanmar: Judicial Perspective and Experience” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
