ကမ္ဘာတည်သရွေ့၊ ကွက်လပ်ဖြည်ဖို့
‘လာဟေ့’ရှေ့သို့ လှမ်းရအောင်။
ခြေလှမ်းတိုင်းမှာ ရုပ်ခန္ဓာက
ဇရာထိုးနှက်၊ ယိုယွင်းပျက်လည်း
နေ့၊ ရက်၊ လ၊ နှစ်၊ သက္ကရာဇ်ကို
စိတ်သစ်လူသစ် ဖြတ်ကြမယ်။
နွေကလည်းနွေ ရွက်ကြွေစေတော့
မိုးရေဖွေးဖွေး၊ မြေမှာပြေးလို့
ချမ်းအေးတုန်ခိုက် နှင်းအငိုက်မှာ
လဲလိုက်ထလိုက် သွားကြမယ်။
ခြေလှမ်းမှန်မှန် ပစ္စုပ္ပုန်မှ
နက်ဖြန်အနာဂတ် ပညာတတ်ဖို့
ရင်ဘတ်ထဲက သယံဇာတနဲ့
နေ့ညထုဆစ် ဖန်ဆင်းမယ်။
ဆန္ဒလက်ငင်း မျှော်လင့်ရင်းပဲ
ကွေကွင်းဝေးကွာ သေရတာမို့
ချိန်ခါမဆိုင်း ဝတ်ရည်ကိုင်းနှင့်
ပန်းရိုင်းတို့ ကို ပျိုးကြမယ်။
သြော် . . .
ကမ္ဘာတည်သရွေ့ ကွက်လပ်ဖြည့်ဖို့
‘လာဟေ့’ ရှေ့သို့ လှမ်းရအောင်။
သွန်းမိုးစက် (ပခုက္ကူ)