Myanmar Girl အဖွဲ့ က အဆိုတော် ထိုက်ထိုက်က သူမရဲ့တစ်ကိုယ်တော်သီချင်းတစ်ပုဒ်ကို သူမ မွေးနေ့ အမှတ်တရအဖြစ် အွန်လိုင်းမှာ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ Myanmarmusic onlinestore ကတစ်ဆင့် ရောင်းချမယ့် ဒီတစ်ပုဒ်တည်းသော သီချင်းကတော့ “မလာတော့နဲ့”လို့ အမည်ရပြီး ထိုက်ထိုက်ကိုယ်တိုင်နဲ့သူမရဲ့သူငယ်ချင်းတစ်ဦးတို့ပူးပေါင်းရေးသား ထားကြောင်းလည်း သိရပါတယ်။
” အရင်ကတည်းကတော့ တင်ဖို့ အစီအစဉ်ရှိတယ်။အစက ဆရာရွှေဂျော်ဂျော်ရေးပေးထားတဲ့ တစ်ပုဒ်ကိုတင်ဖို့ ဒါပေမဲ့ အချိန်မမီတော့လို့ ဒီသီချင်းလေးကို တင် ဖြစ်တာပါ။ ဒါက မွေးနေ့မှာ တင်တယ်ဆိုပေမယ့်မွေးနေ့ အကြောင်းတော့ မဟုတ်ပါဘူး။ Rock သီချင်းအနှေးလေးပါပဲ” လို့ ထိုက်ထိုက်က ပြောပါတယ်။ထိုက်ထိုက်ရဲ့မွေးနေ့ကတော့ ဒီဇင်ဘာလ ၁၃ရက်နေ့ဖြစ်ပြီး အဲ့ဒီနေ့မနက် မှာ သီချင်းသစ်ကို အွန်လိုင်းတင်မယ် လို့သိရကာ ညပိုင်းမှာလည်း သူငယ်ချင်းတွေနဲ့အတူ မွေးနေ့ပွဲကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။ ” မွေးနေ့ ညမှာတော့ သူငယ်ချင်းတွေနဲ့အမှတ်တရပွဲလေးလုပ်မယ်။ နောက်တစ်နေ့မနက်၁၄ ရက်နေ့ မှာတော့ မိဘမဲ့ကလေး ကျောင်းကို မွေးနေ့အထိမ်း အမှတ်လှူ ဒါန်းဖို့ ရှိပါတယ်” လို့ ပြောတဲ့ ထိုက်ထိုက်က လတ်တလောမှာတော့ Andaman Gold နဲ့အတူ ဂီတပွဲ လေးဆယ်ကျော်ကို နိုင်ငံအနှံ့လှည့်လည် ဖျော်ဖြေနေတယ်လို့လည်း သိရပါတယ်။
ရဲရဲ