ဂရိတ်ဦးဘိုးစိန်ရဲ့မျိုးဆက်တစ်ဦးဖြစ်တဲ့ မင်းသားဇံဟိန်း က အခုလက်ရှိမှာတော့ စိန်မဟာသဘင်ကို ပြန်လည်ဦးစီးပြီး ကပြနေတာ ၂ နှစ်တာ ကာလထဲကို ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါ တယ်။ သူ့အနေနဲ့ ဇာတ်သဘင်ရဲ့ ကဏ္ဍစုံအောင် ကပြနေပြီး ပရိသတ်တွေ တောင်းဆိုကြတဲ့ ရနောင် မောင်တုတ်၊ သီပေါ နန်းတက်၊ တောင်ပြုံးမင်းညီနောင် နောက်ပိုင်းဇာတ်တော်ကြီး တွေကို အဓိကထား ကပြလေ့ရှိတယ်လို့ သိရပါတယ်။
“နှစ်ပါးသွားကပြရင်လည်း ရှေးမူမပျက်ပုံစံနဲ့ နှစ်ပါးသွား ကိုသိမ်းဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ဇာတ်တိုက်တဲ့အချိန် ရောက်ရင် ဒီနှစ်ဇာတ်သဘင်ရာသီမှာ ဘာတွေကပြမလဲဆိုတာ အစီအစဉ်ဆွဲပါတယ်။ ဒီပြဇာတ်၊ ဒီအော်ပရာ၊ ဒီနောက်ပိုင်းတွေ တင်ဆက်မယ်။ စတိတ်ရှိုးမှာဆိုရင်လည်း အဖွင့်မှာ ဘာနဲ့ ကမယ်။ အလယ်မှာ ဘာနဲ့ကမယ်ပေါ့။ အဲဒီလိုလေးတွေတော့ ကြိုပြီးတော့စီစဉ်ရပါတယ်” လို့ ဇာတ်ရဲ့တင်ဆက်မှုတွေနဲ့ ပတ်သက်လို့ ကြိုတင်ပြင်ဆင်မှုတွေကို ဇံဟိန်းက ပြောပြပါ တယ်။ သူ့ကိုတော့ နောက်ပိုင်း ဇာတ်တော်ကြီးတွေ ကပြတာ ရယ်၊ မြန်မာသံ သီဆိုတာရယ်၊ နှစ်ပါးသွားကပြတာရယ်ကို ကြိုက်နှစ်သက်ကြတယ်ဆိုတဲ့ ပရိသတ်တွေဆီက အသံတွေကြား ရတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ နတ် ရာဇဝင်သမိုင်းကြောင်းတွေကို ကပြတဲ့အခါမှာ ဘယ်လိုကြောင့် နတ်ဖြစ်သွားရတယ်ဆိုတာကိုလည်း ရှင်းပြရင်းနဲ့ ကပြဖြစ် တယ်လို့ သိရပါတယ်။
“မရွှေဥကျားဆွဲတို့၊ ရနောင် မောင်မောင်တုတ်၊ မအောင် ဖြူ ဖျာလိပ်နတ်တို့ကို တော်တော်ကြိုက်ကြတယ်။ နောက်ပိုင်း ဇာတ်တော်ကြီးတွေ ကပြတဲ့အခါမှာလည်း တင်ဆက်မှုအပိုင်း မှာ သွက်သွက်လက်လက်လေးတွေဖြစ်အောင်တင်ဆက်တယ်။ တချို့က နောက်ပိုင်းဇာတ်တော်ကြီးဆိုရင် ကြည့်ရတာ ပျင်းကြ တယ်လေ။ အဲဒီလိုမျိုးမဖြစ်အောင် ကျွန်တော်က သေချာ စီစဉ်ပြီး ကပြတယ်။ အီနေအောင်မတင်ဆက်ဘဲနဲ့ လူငယ်တွေ ကအစ ကြိုက်သွားအောင် ဟာသလေးတွေနဲ့ ထည့်ပြီး တင်ဆက်ဖြစ်တယ်” လို့ ဇံဟိန်းက ပြောပါတယ်။ စိန်မဟာသဘင် အနေနဲ့ နောက်နှစ် ဇာတ် သဘင်ရာသီအတွက်လည်း ပြင်ဆင်နေပြီလို့ သိရပါ တယ်။
လင်းအက္ခရာ