ထိုင်းနိုင်ငံ အနောက်ပိုင်း တာ့ခ်ပြည်နယ် မဲရာမတ်ခရိုင်တွင် လုံခြုံရေးတာဝန်ရှိသူများသည် အွန်လိုင်းငွေလိမ်ဂိုဏ်းများ ပိုင်ဆိုင်သည့် ကွန်ပျူတာများ၊ မိုဘိုင်းလ်ဖုန်းများ၊ ဆင်းမ်ကတ်များနှင့်အတူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
Ratchamanu အထူးတပ်ဖွဲ့မှ စစ်သားများ၊ နယ်စပ်ကင်းလှည့် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင် လှုပ်ရှားဆောင်ရွက်မှုများကို ဖော်ထုတ်ရန်အတွက် မဲရာမတ်မြို့ ထိုင်း-မြန်မာနယ်စပ်ဧရိယာတွင် စစ်ဆေးရေးဂိတ်များဖွင့်ကာ ကင်းလှည့်မှုများ ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ လုံခြုံရေးဆောင်ရွက်နေစဉ် တိုယိုတာပစ်ကပ်ကားတစ်စီးကို ရပ်တန့်ရှာဖွေခဲ့ရာ၌ ကားအတွင်းမှ မိုဘိုင်းလ်ဖုန်း ၁၂၅၁ လုံး၊ ဆင်းမ်ကတ် ၂၇၄ ခုနှင့် ကွန်ပျူတာ ၁၉ လုံးကို တွေ့ရှိခဲ့ကြသည်။
တာဝန်ရှိသူများက Tid ဟုသာ အမည်ဖော်ပြသော အသက် ၄၅ နှစ်အရွယ် ယာဉ်မောင်းက သူသည် ထိုပစ္စည်းများကို သောင်ရင်းမြစ်ကမ်းဘေးတစ်နေရာတွင် သွားရောက်ယူဆောင်ပေးခဲ့ရခြင်းဖြစ်ကြောင်းနှင့် ယင်းအတွက် ဘတ် ငါးထောင်ရရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ သူသည် အဆိုပါပစ္စည်းများကို ပစ္စည်းပို့ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုမှတဆင့် ကမ္ဘောဒီးယားနိုင်ငံနှင့်နယ်စပ် Sa Kaeo ပြည်နယ်ရှိ Pawalee ဆိုသူထံ ပေးပို့ရမှာဖြစ်သည်ဟုလည်း ဆိုခဲ့သည်။
ထပ်မံစုံစမ်းစစ်ဆေးမှုများအရ သိမ်းဆည်းရမိခဲ့သော ပစ္စည်းများသည် မြန်မာနိုင်ငံ မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုမှဖြစ်ကြောင်း တာ့ခ်ပြည်နယ်၏ ခရိုင်ကိုးခုအနက် ငါးခုကို ကြီးကြပ်ရသော Ratchamanu အထူးတပ်ဖွဲ့မှူး ဗိုလ်မှူးကြီး Natthakom Ruantip က ပြောကြားခဲ့သည်။
“သူတို့လုပ်ငန်းတွေကို Sa Kaeo ပြည်နယ်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ကမ္ဘောဒီးယားဘက်ခြမ်းကို ရွှေ့ချင်နေကြတာ” ဟု Natthakom က မှတ်ချက်ပြုသည်။
အခြားပါဝင် ပတ်သက်သူများကို ဖော်ထုတ်နိုင်ရန် ဆက်လက်စုံစမ်းစစ်ဆေးနေပြီး မစ္စတာ Tid ကို စစ်ဆေးမေးမြန်းမှုများထပ်လုပ်ရန်နှင့် ဥပဒေအရ အရေးယူဆောင်ရွက်ရန် မဲရာမတ်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
