အွန်လိုင်းကနေတဆင့် ပြည်တွင်း၊ ပြည်ပ ရုပ်ရှင်ဇာတ်ကားများအားတရားမဝင်ပြသနေသည့် ချန်နယ်များအပါအဝင် Facebook page များကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဒုဝန်ကြီး ဦးရဲတင့်က ပြောသည်။
ရုပ်ရှင်၊ ဗွီဒီယိုနှင့် ဇာတ်လမ်းတွဲများကို အွန်လိုင်းပလက်ဖောင်းကတဆင့် ထုတ်လွှင့်မှုတွေရှိလာပြီး အဆိုပါ ပြသမှုများတွင် မူလလက်ရာခိုးယူကာ ကိုယ်ကျိုးစီးပွားအတွက် ပြသမှုများ ရှိလာကြောင်း၎င်းကဆိုသည်။
အွန်လိုင်းတွင် တရားမဝင်ပြသကာ လောင်းကစားအခြေပြု ပလက်ဖောင်းများ တည်ထောင်ခြင်း ရှိလာပြီး စက္ကန့်နှင့်အမျှ နစ်နာမှုတွေရှိလာခြင်းကြောင့် ကာကွယ်တားဆီးရေးများ အမြန်ဆုံး လုပ်ဆောင်ရန် လိုအပ်ကြောင်း အသိပေးထားသည်။
အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့၏ အစည်းအဝေးကိုနေပြည်တော်တွင် ပြုလုပ်စဥ် ၎င်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။



