အကြမ်းဖက်အဖွဲ့များ ယာယီထိန်းချုပ်ထားချိန်က ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကျောင်းဖွင့်ချိန်များတွင်ပင် စာသင်ကျောင်းများ၌ကလေးငယ်များ၏ သာယာနာပျော်ဖွယ်ဖြစ်သည့် စာအံသံများပျောက်ဆုံးခဲ့ရသည်။
ထို့ကြောင့် တပ်မတော်က ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးချိန်မှစ၍ မြို့အားပြန် လည်ထူတောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောက်ရွက်ခဲ့သည့်နည်းတူ အခြေခံပညာစာသင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်လည်း ဦးစားပေးအစီအစဥ်အဖြစ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ခဲ့သဖြင့် ယနေ့ မေ ၂၅ ရက်တွင်စ တင်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်း ပထမနေ့၌ ဖလမ်းမြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်း(၄)ကျောင်းနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းလာရောက်အပ်နှံသော ကလေးငယ်များအလွန်များပြားခဲ့သည်။
အဆိုပါ ကလေးငယ်များအား နိုင်ငံတော်ကအခမဲ့ထောက်ပံ့သည့် ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခံတံ၊ ဘောပင်များနှင့် ကျောင်းဝတ်စုံများကို သက်ဆိုင် ရာ ဆရာ၊ ဆရာမများကပေးအပ်ခဲ့ကြသဖြင့် လာမည့် ဇွန် ၁ ရက်မှစတင်ကာ ဖလမ်းမြို့ပေါ်နှင့် ကျေးရွာများ၌ ကလေးငယ်များ၏ စာအံသံများကိုပြန်ကြားရတော့မည်ဖြစ်သည်။
