အိန္ဒိယနိုင်ငံသည် ကဘူးလ်ရှိ ၎င်း၏ နည်းပညာဆိုင်ရာမစ်ရှင်ကို သံရုံးအဆင့်သို့ မြှင့်တင်ကာ အမေရိကန်တပ်များ ရုပ်သိမ်းသွားပြီး ယခင်အစိုးရပြုတ်ကျသွားခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်တွင် အာဏာရယူခဲ့သော အာဖဂန်နစ္စတန် တာလီဘန်အစိုးရနှင့် ပထမဆုံးသော အဆင့်မြင့်သံတမန်ဆက်ဆံရေးကို ခိုင်မာစေကြောင်း ကြေညာခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျေးရှန်ကာသည် နူးဒေလီတွင် အာဖဂန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးခဲ့အပြီး၌ သောကြာနေ့တွင် ယင်းဆုံးဖြတ်ချက်ကို ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။
မိမိတို့အကြား ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအပြင် ဒေသတွင်းတည်ငြိမ်ရေးနှင့် ရေရှည်ရပ်တည်ရေးတို့ကို အထောက်အကူဖြစ်စေကြောင်း အာဖဂန်နစ္စတန်၏ တာလီဘန်နိုင်ငံခြားရေးဝန်ကြီး အမီယာခန်း မွတ်တာကီက ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသည် အာဖဂန်နစ္စတန်၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ ခိုင်မြဲမှုနှင့် လွတ်လပ်ရေးကို အပြည့်အ၀ကတိပြုကြောင်း ဂျေးရှန်ကာက ပြောကြားခဲ့သည်။ ထို့အပြင် အာဖဂန်နစ္စတန်တွင် သတ္ထုတူးဖော်ရေး အခွင့်အလမ်းများရှာဖွေရန် အိန္ဒိယကုမ္ပဏီများကို ဖိတ်ကြားမှုအတွက် မွတ်တာကီကို ကျေးဇူးတင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်ဦးဆောင်သော နေတိုးတပ်များ ရုပ်သိမ်းဆုတ်ခွာပြီးနောက် ၂၀၂၁ ခုနှစ်တွင် ပိတ်ခဲ့သော သံရုံးကို အိန္ဒိယက ပြန်လည်ဖွင့်လှစ်ရန် လုပ်ဆောင်ချက် ဖြစ်သည်။ ထိုအချိန်မှစကာ အိန္ဒိယသည် ကုန်သွယ်ရေး၊ ဆေးဘက်ဆိုင်ရာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကိုကြီးကြပ်ရန် ကန့်သတ်မစ်ရှင်အဖြစ်သာ ထားခဲ့သည်။
ကဘူးလ်သည် အိန္ဒိယနှင့် ဆက်ဆံရေးကောင်းမွန်ရန် အမြဲကြိုးပမ်းခဲ့သည်ဟု မွတ်တာကီက ၎င်း၏ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးဆောင်ရွက်ချက်များကိုလည်း ၎င်းက ရည်ညွှန်းပြောကြားခဲ့ပြီး တာလီဘန်အစိုးရသည် အာဖဂန်၏ ပိုင်နက်နယ်မြေကိုအသုံးပြု၍ အခြားနိုင်ငံများကို ပစ်မှတ်ထားခြင်းမျိုးကို မည်သူကိုမျှ ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
Ref: အယ်ဂျာဇီးယား
