အကြိမ် ၂၀ မြောက် အာရှအားကစားပြိုင်ပွဲ၏ ပထမဆုံးသော ရွှေတံဆိပ်ဆုကို တနင်္ဂနွေနေ့တွင် အိမ်ရှင်ဂျပန်နိုင်ငံက ရယူနိုင်ခဲ့သည်။ ဤအားကစားပွဲတော်ကြီး၏ အဖွင့်နေ့တွင် တရုတ်နိုင်ငံမှ အသက် ၁၃ နှစ်အရွယ် ရေကူးအားကစားသမားတစ်ဦးက အံ့အားသင့်လောက်စရာ အစွမ်းပြခဲ့သည်ကိုလည်း တွေ့ရသည်။
နာဂိုယာမြို့အနီးရှိ ဂါမာဂိုရီမြို့တွင် ကျင်းပသည့် အမျိုးသားတစ်ဦးချင်း ထရိုင်သလွန်(သုံးမျိုးစုံ) ပြိုင်ပွဲတွင် ဂျပန်နိုင်ငံမှ တာကူမီ ဟိုဂျိုက ရွှေတံဆိပ်ဆွတ်ခူးခဲ့ပြီး၊ တရုတ်နိုင်ငံမှ ကျန်း ရှီရွေက ဒုတိယငွေတံဆိပ်၊ ကာဇက်စတန်နိုင်ငံမှ အာလန်း ကျာနာဘေးက ကြေးတံဆိပ်တို့ကို အသီးသီးရရှိခဲ့ကြသည်။
အိုလံပစ်ပြိုင်ပွဲထက်ပင် အားကစားသမားဦးရေ ပိုမိုများပြားသည့် ဤ ရက်သတ္တ နှစ်ပတ်ကြာ အားကစားပွဲတော်ကြီးတွင် ရွှေတံဆိပ်စုစုပေါင်း ၄၆၉ ခု ချီးမြှင့်သွားမည်ဖြစ်ပြီး ယခုရရှိခဲ့သော ရွှေတံဆိပ်မှာ ပြိုင်ပွဲ၏ ပထမဆုံး ရွှေတံဆိပ်ဖြစ်သည်။
ရေကူး အာကစားပြိုင်ပွဲများလည်း စတင်နေပြီး လာမည့်လမှသာ အသက် ၁၄ နှစ်ထဲဝင်မည့် ယုဇီဒီသည် အမျိုးသမီး မီတာ ၂၀၀ လိပ်ပြာကူးပြိုင်ပွဲ၏ လက်ရည်စစ်ပွဲများတွင် အခြားသူများထက် သိသိသာသာ အမြန်ဆုံးစံချိန်ဖြင့် ပန်းဝင်ခဲ့သည်။
ဆယ်ကျော်သက်အရွယ် ယုသည် တစ်နိုင်ငံတည်းမှ ချန်းမိုဟန်ထက် ၂ ဒဿမ ၇၀ စက္ကန့်ပိုစောစွာ ပန်းဝင်ခဲ့ပြီး တနင်္ဂနွေနေ့ညတွင် ကျင်းပမည့် ဗိုလ်လုပွဲ၌ အဓိကပြိုင်ပွဲကြီးတစ်ခုတွင် ၎င်း၏ ပထမဆုံး ရွှေတံဆိပ်ကို ရရှိရန် ရေပန်းစားနေပြီဖြစ်သည်။
အားကစားပွဲတော်ကြီးကို စနေနေ့တွင် ဂျပန်ဧကရာဇ် နာရူဟီတိုက တရားဝင်ဖွင့်လှစ်ပေးခဲ့သော်လည်း နာဂိုမြို့ရှိ ပရိသတ် ၃၀,၀၀၀ ဆံ့ သော အားကစားကွင်းတွင် လူလွတ်နေသော ထိုင်ခုံများစွာရှိနေခဲ့သည်။
အောက်တိုဘာ လ ၄ ရက်နေ့တွင် ပြိုင်ပွဲများပြီးဆုံးမည့် နှစ်ပတ်ကြာ ပြင်းထန်သော ယှဉ်ပြိုင်မှုများအတွက် အဖွင့်အချက်ပေးသံထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး အာရှတိုက်၏ ထိပ်တန်းအားကစားသမားများသည် အားကစားနည်းပေါင်း ၄၀ ကျော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
Ref: ဘန်ကောက်ပို့စ်
