မန္တလေးငလျင်ကြီးဒဏ်သင့် နေပြည်တော်အတွင်း အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား(၁၁,၂၀၃)ဦးအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာမိသားစုထောက်ပံ့မှု အကျိုးခံစား ခွင့်(၄၀)ရာခိုင်နှုန်းကို ယနေ့ ဇူလိုင် ၄ ရက်က နေပြည်တော်၌ထုတ်ပေးခဲ့ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ နေပြည်တော်အတွင်း အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာန(၁၀၉၇)ဌာနရှိ အာမခံအလုပ်သမား (၂၇,၂၆၇)ဦးအနက် အာမခံအလုပ်သမား (၁၁,၂၀၃)ဦးကို သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်(၁၀၀၁ ဒသမ ၅၆၃)သန်းကို ဦးစွာထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အကျိုးခံစားခွင့်ငွေကြေးများအား ဗဟိုဘဏ်၏ Online Payment စနစ်နှင့်အညီ မြန်မာ့စီးပွားရေးဘဏ်များမှတစ်ဆင့် ပုဂ္ဂလိကဘဏ်များသို့လွှဲပြောင်းပေးပြီး Digital Payment စနစ်များဖြစ်သည့် KBZ Pay ၊ AYA Pay ၊ Wave Pay ၊ UAB Pay ၊ Mytel Pay တို့ဖြင့် အာမခံအလုပ်သမားများလက်ဝယ်သို့ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ကျန်ရှိသော အာမခံအလုပ်သမားများကိုလည်း အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ စာရင်းများစိစစ်ပြီးပါက ဆက်လက်ထုတ်ပေးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
