(၂၇၇)ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ သံရုံးအကြီး အကဲများအစည်းအဝေး၌ အာဆီယံ-ကိုင်ရို စီးပွားရေးကောင်စီ ထူထောင်မည့် ကိစ္စရပ်နှင့် ပတ်သက်၍ ဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
(၂၇၇) ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ၏ သံရုံးအကြီးအကဲများအဆင့် အစည်းအဝေးကို ကိုင်ရိုမြို့၊ အင်ဒိုနီးရှား သံအမတ်ကြီး နေအိမ်တွင် ဖေဖော်ဝါရီ (၁၆)ရက်ကကျင်းပခဲ့ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်က တက်ရောက်၍ ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။
အစည်းအဝေး၌ အာဆီယံ-ကိုင်ရို ကော်မတီ၏ ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းစဉ်များ အပေါ် ပြန်လည် သုံးသပ်ခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ အထူးသဖြင့် အာဆီယံ အားကစားနှင့် မိသားစုနေ့၊ အာဆီယံဒေသရိုးရာအစားအစာများ ဈေးရောင်းပွဲတော်နှင့် အာဆီယံ ကိုင်ရိုပြင်ပအစည်းအဝေး ကိစ္စရပ်များအပေါ် အဓိကထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အာဆီယံနိုင်ငံများနှင့် အီဂျစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေး ရည်ရွယ်၍ မလေးရှားသံရုံးက အဆိုပြုထားသည့် အာဆီယံ-ကိုင်ရို စီးပွားရေး ကောင်စီ ထူထောင်မည့် ကိစ္စရပ်အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။
၎င်းအစည်းအဝေးအား အာဆီယံ-ကိုင်ရိုကော်မတီ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ၊ သံအမတ်ကြီးက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး ကိုင်ရိုမြို့ရှိ အာဆီယံ (၉) နိုင်ငံမှ သံအမတ်ကြီးများ၊ သံရုံးဒုတိယ အကြီးအကဲများနှင့် ကော်မတီလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးပြီးနောက် အင်ဒိုနီးရှားသံအမတ်ကြီးက တက်ရောက်လာကြသည့် အာဆီယံ သံအမတ်ကြီးများကို ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။