အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့လောင်စာဆီဈေးကွက်တွင် ပြဿနာများဖြစ်ပေါ်နေပြီး၊ တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၏ လျှပ်စစ်ဓာတ်အားထောက်ပံ့မှုကိုပါ ဖိအားဖြစ်စေသည့်အတွက် စွမ်းအင်သုံးစွဲမှု ထိန်းချုပ်ရန် ရည်ရွယ်၍ အလုပ်လုပ်ချိန်များကို လျှော့ချခြင်းနှင့် အစိုးရအသုံးစရိတ်များကို ဖြတ်တောက်ခြင်း စသည့် အစီအမံသစ်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက စတင်လိုက်သည်။
လောင်စာဆီတင်သွင်းမှုအပေါ် အကြီးအကျယ်မှီခိုနေရပြီး အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် လောင်စာဆီဈေးနှုန်း မတည်ငြိမ်မှုနှင့် ထောက်ပံ့မှု မသေချာသည့်ဒဏ်ကို ခံစားနေရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စွမ်းအင်အခြေအနေကို တည်ငြိမ်စေရန် အစိုးရအဖွဲ့က ကြာသပတေးနေ့တွင် အတည်ပြုလိုက်သော အဆိုပါအစီအမံများက ရည်ရွယ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
စည်းမျဉ်းသစ်များအရ လျှပ်စစ်သုံးစွဲမှု လျှော့ချရန်အတွက် အစိုးရရုံးများကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိသာ ဖွင့်လှစ်မည်ဖြစ်ပြီး၊ ဈေးများနှင့် ကုန်တိုက်များကို ညနေ ၆ နာရီတွင် အပြီးပိတ်ရမည် ဖြစ်သည်။ မသုံးမဖြစ်မဟုတ်သော အစိုးရအသုံးစရိတ်များကို ဖြတ်တောက်ရန် အမိန့်ထုတ်ထားပြီး စက်မှုလုပ်ငန်းများတွင်လည်း မလိုအပ်ဘဲ အလွန်အကျွံ မီးထွန်းထားခြင်းများကို ကန့်သတ်ကာ လျှပ်စစ်သုံးစွဲမှု လျှော့ချရန် တိုက်တွန်းထားသည်။
ပညာရေးဝန်ကြီးဌာနသည် တနင်္ဂနွေနေ့မှစ၍ ကျောင်းများအတွက် လမ်းညွှန်ချက်များ ထုတ်ပြန်ပေးမည်ဖြစ်ပြီး၊ ကျောင်းတက်ချိန်ဇယားများ ညှိနှိုင်းခြင်းနှင့် အွန်လိုင်းသင်ကြားရေးစနစ်သို့ ပြောင်းလဲခြင်း စသည့် ရွေးချယ်စရာများကို ထည့်သွင်းစဉ်းစားနေသည်။ အာဏာပိုင်များအနေဖြင့် ကျောင်းများအတွက် လျှပ်စစ်ဘတ်စ်ကားများကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး အဆိုပါအစီအစဉ်တွင် ပါဝင်သည့်ကျောင်းများကိုလည်း အထူးခံစားခွင့်များ ပေးအပ်မည်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လောင်စာဆီပြတ်လပ်မှုဒဏ်ကို သက်သာစေရန် လောင်စာဆီများကို ခွဲတမ်းဖြင့် ရောင်းချပေးနေရသည့်အပြင်၊ စိုးရိမ်စိတ်ဖြင့် တိုးဝယ်ခြင်း၊ သိုလှောင်ခြင်းနှင့် တန်းစီစောင့်ဆိုင်းရခြင်းများကြောင့် မော်တော်ယာဉ်အရောင်းအဝယ်ကို ကန့်သတ်ခြင်းနှင့် စက်သုံးဆီဆိုင် ဖွင့်လှစ်ချိန်များကို လျှော့ချခြင်းတို့ လုပ်ဆောင်နေရသည်။ အားလပ်ရက်ရှည်များအတွင်း အခြေအနေ အနည်းငယ် သက်သာသွားသော်လည်း လောင်စာဆီထောက်ပံ့မှုမှာ ဆက်လက်ကျပ်တည်းနေဆဲဖြစ်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရပိုင်အေဂျင်စီများသည် လူဦးရေ ၁၇၅ သန်းခန့်အတွက် စွမ်းအင်ရရှိရန် အသည်းအသန် ကြိုးပမ်းနေရပြီး၊ ကမ္ဘာ့ဈေးကွက် မတည်ငြိမ်မှုများကြားမှ အခြားသော စွမ်းအင်အရင်းအမြစ်များကို ရှာဖွေနေသည်။ ထို့အပြင် စွမ်းအင်ဈေးနှုန်း မြင့်တက်လာမှုကြောင့် နိုင်ငံခြားသုံးငွေ အရန်ငွေကြေး ပိုမိုကျပ်တည်းလာသဖြင့် လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းမှုအတွက် အသုံးပြုရန် ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံကျော်ကိုလည်း အစိုးရက ရှာဖွေနေရကြောင်း သိရသည်။
