ပြည်သူများအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို လေးစားတန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရေး ဆိုရှယ်မီဒီယာများမှတစ်ဆင့် အသိပညာပေးမှုများ ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးပြော
အမျိုးသားပြတိုက်(ရန်ကုန်) ကို Digital Museum အဆင့် မြှင့်တင်နိုင်ခြင်း ဆောင်ရွက်နေပြီဖြစ်၍ အမြန်ပြီးစီးအောင် တွန်းအားပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ကပြောသည်။
ယမန်နေ့ က ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အမျိုးသားပြတိုက်(ရန်ကုန်)သို့ သွားရောင်စဉ် ပြည်ထောင်စုဝန်ကြီး က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အများပြည်သူများအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို ချစ်ခင်မြတ်နိုးလေးစားတန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရန်နှင့် မျိုးချစ်စိတ်ရှင်သန်ထက်သန်လာစေရေး အသိပညာပေးလှုံ့ဆော်မှုများ ပြုလုပ်ပေးရာတွင် ဆိုရှယ်မီဒီယာများမှတစ်ဆင့်လည်း အသိပညာပေးမှုများ ဆောင်ရွက်သွားကြရန်လည်း ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့် ကပြောသည်။
မြန်မာ့မြေပေါ်တွင် မိမိတို့ဘိုးဘွားများ စဉ်ဆက်မပြတ်နေထိုင်ခဲ့သည့် သမိုင်းအမှန်ကို ကြည့်ရှုသူများ နားလည်သိမြင်အောင် ရှင်းလင်းချက်များ၊ ပြကွက်များဖြင့် ပြသသွားရန်လိုကြောင်း၊ လူငယ်များ ပြတိုက်ကြည့်ရှုလိုစိတ်ရှိစေရန် ဖိတ်ခေါ်ခြင်း၊ ရှင်းလင်းပြသခြင်းများ ဆောင်ရွက်သွားရန် လည်း လိုအပ်ကြောင်း သိရသည်။
