ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက အမျိုးသား စည်းလုံးညီညွှတ်ရေး နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဦးစီးဌာနရဲ့ ဖွဲ့စည်းပုံကို တိုးချဲ့ဖွဲ့စည်းသွားဖို့ လုပ်ဆောင်နေပါတယ်။
ဘယ်လိုတိုးချဲ့သွားမယ်ဆိုတာကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက အသေးစိတ် မထုတ်ပြန်သေးပါဘူး။
ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အထူး အာရုံစိုက်ပြီး တိုးချဲ့ လုပ်ဆောင်ဖို့ ဖြစ်တယ်ဆိုတဲ့ မှတ်ချက်တွေလည်းရှိနေပါတယ်။
စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ဆင်း တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရတာဝန်ယူစဉ် ငြိမ်းချမ်းချမ်းနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ ကိုယ်စားလှယ် အဖြစ်ပါဝင်ခဲ့တဲ့ သူဖြစ်တဲ့အပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အားလုံးနဲ့ ငြိမ်းချမ်းရေး ရရှိတဲ့အထိ ဆွေးနွေးဖို တပ်ဘက်က ဖွဲ့စည်းပေးခဲ့တဲ့ “တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီ”မှာလည်း ဥက္ကဌတာဝန်၊ပြီးတော့ ယခင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့တာဖြစ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးက အမျိုးသား စည်းလုံးညီညွှတ်ရေး နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဦးစီးဌာနဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကြားထဲ စောင့်ကြည့်စရာ တစ်ခုဖြစ်လာပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဟာ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး ကိစ္စရပ်တွေကို တပ်မတော် ကိုယ်စားပြုဆောင်ရွက်ခဲ့ပြီး မေလ ၁၁ရက်မှာ နစကရဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဖြစ်လာတဲ့အပြင် မေ၂၂ရက်မှာတော့ နစကဥက္ကဋ္ဌနဲ့ နစကကောင်စီတို့ရဲ့ အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် တာဝန်ပေးအပ်တာကို ခံခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနကို နစကက ဖျက်သိမ်းလိုက်ပြီးနောက် ငြိမ်းချမ်းရေး ကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံတာတွေကို နစက အမျိုးသား စည်းလုံး ညီညွှတ်ရေး နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနကပဲ ဆောင်ရွက်နေတာပါ။ အဲ့ဒီဗဟိုဌာနမှာ အမျိုးသား စည်းလုံးညီညွှတ်ရေး နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီ ရဲ့ ဥက္ကဋ္ဌအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က တာဝန်ယူထားပြီး NCA ရေးထိုးထားတဲ့ ဒီမိုကရေစီ အကျိုးပြု ကရင်လက်နက်ကိုင် အဖွဲ့ (DKBA) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့တွေ နဲ့ ဧပြီလက တွေ့ဆုံတာတွေ ရှိခဲ့ပါတယ်။