ဂါဇာကမ်းမြှောင် ပဋိပက္ခကို ဖြေရှင်းရန်အတွက် ဒေါ်နယ်ထရမ့်၏ စီမံကိန်းအပေါ် ၎င်းတို့၏ တုံ့ပြန်မှုကို ကြားခံလူများထံ ပေးပို့လိုက်ပြီဖြစ်ကြောင်း ပါလက်စတိုင်း ဟားမတ်စ်လှုပ်ရှားမှုက အတည်ပြုခဲ့ပြီး၊ ဂါဇာကမ်းမြှောင်တွင် ဖမ်းဆီးထားသည့် အသက်ရှင်လျက်ရှိသော အစ္စရေးဓားစာခံအားလုံးကို ပြန်လွှတ်ပေးရန်နှင့် ေ-သဆုံးသွားသူများ၏ ရုပ်အေ-လာင်းများကို ပြန်အပ်ရန် အသင့်ရှိကြောင်း ကြေညာလိုက်ပြီဖြစ်သည်။
“မိမိတို့အနေဖြင့် သမ္မတထရမ့်၏ အဆိုပြုချက်တွင် ပါရှိသည့် ဖလှယ်ရေးနည်းလမ်းအရ သိမ်းပိုက်ခံထားရသည့် အသက်ရှင်လျက်ရှိသူများအပါအဝင် အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန် သဘောတူကြောင်း ကြေညာအပ်ပြီး၊ ယင်းဖလှယ်မှုကို အကောင်အထည်ဖော်ရန်အတွက် လိုအပ်သော ကွင်းဆင်းအခြေအနေများလည်း ပါဝင်သည်” ဟု ဟားမတ်စ်တို့က သူတို့၏ Telegram ချန်နယ်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
“အသေးစိတ်အချက်အလက်များကိုလည်း ကြားခံလူများမှတစ်ဆင့် ချက်ချင်း ဆွေးနွေးရန်” အသင့်ရှိကြောင်းလည်း သူတို့က အလေးပေး ပြောကြားခဲ့သည်။
“သမ္မတထရမ့်၏ အဆိုပြုချက်တွင် ပါဝင်သော ဂါဇာကမ်းမြှောင်၏ အနာဂတ်နှင့် ပါလက်စတိုင်းပြည်သူလူထု၏ မရွှေ့ပြောင်းနိုင်သော အခွင့်အရေးများနှင့် ပတ်သက်သည့် အခြားကိစ္စရပ်များအတွက်မူ၊ ၎င်းသည် စုပေါင်း အမျိုးသားရေး ရပ်တည်ချက်နှင့် ဆက်နွှယ်နေသည်” ဟု ဟားမတ်စ်တို့က မှတ်ချက်ပြုခဲ့သည်။
ဂါဇာပဋိပက္ခကို ဖြေရှင်းရန်အတွက် အမေရိကန်သမ္မတ၏ အချက် ၂၀ ပါဝင်သော “ဘက်စုံစီမံကိန်း” ကို အိမ်ဖြူတော်က စက်တင်ဘာ ၂၉ ရက်နေ့တွင် ကြေညာခဲ့သည်။ အဆိုပါ အဆိုပြုချက်တွင် ဂါဇာကမ်းမြှောင်ကို ယာယီပြင်ပ အုပ်ချုပ်ရေးပေးခြင်းနှင့် နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့များ ချထားခြင်းတို့ ပါဝင်သည်။ အစ္စရေးကလည်း အဆိုပါ စီမံကိန်းကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။
ယင်းမတိုင်မီ သောကြာနေ့ အစောပိုင်းတွင် ထရမ့်က ဟားမတ်စ်အနေဖြင့် ၎င်း၏စီမံကိန်းကို တနင်္ဂနွေနေ့ ညနေ ၆:၀၀ နာရီ EST (ည ၁၀:၀၀ နာရီ GMT) နောက်ဆုံးထား၍ လက်မခံပါက “ဘယ်သူမှ မမြင်ဖူးသေးတဲ့ ငရဲမျိုး” ကြုံတွေ့ရမည်ဟု သတိပေးခဲ့သည်။
