အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများအနေဖြင့် အစားအသောက်တွင် တားမြစ် ဓာတုပစ္စည်း ဖော်မလင် (Formalin) အား လုံးဝ (လုံးဝ) ထည့်သွင်းသုံးစွဲခြင်းမပြုရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ကအသိပေးကြေညာထားသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ဈေးကွက်တွင် ရောင်းချလျက်ရှိသော အစားအသောက်အမယ်များ (ဥပမာ-ပဲသွေး၊ ပဲပြား၊ မုန့်ဖတ်စသည်) တွင် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော တားမြစ်ဓာတုပစ္စည်း ဖြစ်သည့် ဖော်မလင် (Formalin) ထည့်သွင်းသုံးစွဲခွင့်မပြုကြောင်း ၎င်းတို့ကဆိုသည်။
တာရှည်ခံစေရန်ရည်ရွယ်၍ ဖော်မလင် (Formalin) ထည့်သွင်းအသုံးပြုထားသော အစားအသောက်များကို စားသုံးမိပါက လတ်တလောတွင် ခေါင်းမူး/ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်း၊ အသက်ရှူရခက်ခဲခြင်းများ ဖြစ်ပွားစေနိုင်ပြီး ရေရှည်စားသုံးမိပါက အစာအိမ်အနာဖြစ်ခြင်း၊ အသည်း၊ ကျောက်ကပ်များ ပျ-က်စီးခြင်း၊ ကင်ဆာရောဂါများဖြစ်ပွားစေနိုင်ခြင်းတို့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်များတွင် ဖော်မလင် (Formalin) အဆိပ်သင့်မှု ပိုမိုဖြစ်ပွားနိုင်ပြီး စားသုံးမိပါက သန္ဓေသားဖွံ့ဖြိုးမှု ထိခိုက်ခြင်းနှင့် ကလေးသူငယ်ကြီးထွားမှုပြဿနာများ ဖြစ်ပွားစေနိုင်ပါသဖြင့် စားသုံးခြင်းမပြုရန် အသိပေးထားသည်။
ထို့ကြောင့် အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများအနေဖြင့် အစားအသောက်တွင် တားမြစ်ဓာတုပစ္စည်း ဖော်မလင် (Formalin) အား လုံးဝ (လုံးဝ) ထည့်သွင်းသုံးစွဲခြင်းမပြုရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈ (က) အရ အရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။
