Home News Local News အင်္ဂလန်နဲ့ စကော့တလန်ကြား ‘ဝီစကီစစ်ပွဲ’ စတင်ဖြစ်ပွားလာ

အင်္ဂလန်နဲ့ စကော့တလန်ကြား ‘ဝီစကီစစ်ပွဲ’ စတင်ဖြစ်ပွားလာ

0
97

​အင်္ဂလန်ရဲ့ Single Malt ဝီစကီကို နိုင်ငံတော်က အကာအကွယ်ပေးထားတဲ့ အမျိုးအစားအဖြစ် သတ်မှတ်ပေးဖို့ ဗြိတိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာကျော် စကော့ချ် (Scotch) ဝီစကီ ထုတ်လုပ်သူတွေရှိတဲ့ စကော့တလန်မှာ မကျေနပ်မှုတွေ ဖြစ်ပေါ်လာခဲ့ပြီး အဲဒီထုတ်လုပ်သူတွေကလည်း တုံ့ပြန်ဖို့ ပြင်ဆင်နေကြပြီလို့ The Telegraph သတင်းစာက ဖော်ပြခဲ့ပါတယ်။

​ပြီးခဲ့တဲ့အပတ်က ဗြိတိန်အစိုးရဟာ အင်္ဂလိပ် single malt ဝီစကီကို ဒေသဆိုင်ရာ အကာအကွယ်ပေးမှုအဆင့် သတ်မှတ်ပေးခဲ့တာပါ။ အဲဒီလို သတ်မှတ်လိုက်တာဟာ အင်္ဂလိပ်ဝီစကီကို သီးသန့်အမျိုးအစားတစ်ခုအနေနဲ့ အသိအမှတ်ပြုလိုက်တာဖြစ်ပြီး စကော့ချ်၊ ဝေးလ်နဲ့ အိုင်းရစ်ရှ် ဝီစကီတွေလိုမျိုး တန်းတူအဆင့်အတန်း ရသွားစေခဲ့ပါတယ်။

​ဒီလုပ်ရပ်အပေါ် စကော့တလန်ဘက်က ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ Glenmorangie၊ Johnnie Walker နဲ့ Diageo တို့အပါအဝင် ကုမ္ပဏီ ပေါင်း ၉၀ ကို ကိုယ်စားပြုထားတဲ့ စကော့ချ် ဝီစကီအသင်းကြီး(SWA) ကတော့ သူတို့စိုးရိမ်တာတွေကို တင်ပြဖို့ ဗြိတိန်အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေပါတယ်။ စကော့ချ်ဝီစကီကို သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ မတူဘဲ အင်္ဂလိပ်ဝီစကီကို စည်းမျဉ်းအသစ်နဲ့ အကာအကွယ်ပေးလိုက်တာကြောင့် ခုလိုအရေးဆိုရမှာဖြစ်တယ်လို့ အသင်းက ပြောပါတယ်။

​မူလသတ်မှတ်ထားတဲ့ စံနှုန်းတွေအရ စကော့ချ် single malt ဝီစကီဟာ ကုန်ကြမ်းဖျော်စပ်တာ၊ အချဉ်ဖောက်တာနဲ့ ပေါင်းခံတာတွေကို စကော့တလန်မှာရှိတဲ့ စက်ရုံတစ်ရုံတည်းမှာပဲ အစအဆုံး လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ် single malt ဝီစကီရဲ့ ထုတ်လုပ်မှုအဆင့်အချို့ကိုတော့ ပင်မစက်ရုံ မဟုတ်ဘဲ အခြားနေရာတွေမှာ လုပ်ဆောင်ခွင့်ပြုထားတာပါ။ ဒီလို ကွဲပြားမှုတွေကြောင့် လန်ဒန်နဲ့ စကော့တလန်ကြားမှာ “ဝီစကီစစ်ပွဲ” စတင်ဖြစ်ပွားလာတာလို့ သတင်းစာက ထောက်ပြထားပါတယ်။

​SWA ရဲ့ အမှုဆောင်အရာရှိချုပ် မာ့ခ်ကင့်(Mark Kent) က အင်္ဂလိပ်ဝီစကီအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေဟာ “single malt ဝီစကီရဲ့ ဂုဏ်သတင်းနဲ့ လုံးဝ မကိုက်ညီဘူး” လို့ ပြောခဲ့ပါတယ်။

​”ဒါကို ဝေလနဲ့ အိုင်ယာလန်မြောက်ပိုင်းက ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေကလည်း သဘောတူကြပါတယ်။ ဒီအပတ် ပတ်ဝန်းကျင်၊ အစားအသောက်နဲ့ ကျေးလက်ရေးရာဝန်ကြီးဌာနနဲ့ ဆွေးနွေးပြီးရင်တော့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်နဲ့ ရှေ့ဆက်လုပ်မယ့် အဆင့်တွေကို ဆက်လက် စဉ်းစားသွားပါမယ်” လို့ ကင့် က ဆိုပါတယ်။

​ဒီဝီစကီ အငြင်းပွားမှုဟာ လန်ဒန်နဲ့ ဗြိတိန်နိုင်ငံရဲ့အခြားဒေသတွေကြား နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဖြစ်ပေါ်လာတာပါ။