မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးခြင်းအားဖြင့် မသန်စွမ်းသူများကိုယ်တိုင် အခြားသူတစ်ဦးဦး၏ အကူအညီမပါဘဲ လျှို့ဝှက်ဆန္ဒမဲပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
မသန်စွမ်းသူများ ကိုယ်တိုင်ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်လက်တွေ့စမ်းသပ်အသုံးပြုခြင်းကို ယမန်နေ့ဩဂုတ် (၂၀)ရက်က နေပြည်တော်တွင် လက်တွေ့လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မသန်စွမ်းသူများ၊ အထူးသဖြင့် အမြင်အာရုံမသန်စွမ်းသူများ လျှို့ဝှက်ဆန္ဒမဲပေးနိုင်ရေးအတွက် မျက်မမြင်လက်စမ်းစာ (Braille) ကို အခြေခံသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို တီထွင်ပြုလုပ်ပေးမှုသည် အားလုံးပါဝင်ဆောင်ရွက်နိုင်သည့် ရွေးကောက်ပွဲဖြစ်စေရန် ကြိုးစားပေးရာရောက်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြော သည်။
မျက်မမြင်လက်စမ်းစာ (Braille) မတတ်ကျွမ်းသည့် အမြင်အာရုံမသန်စွမ်းသူများ အပါအဝင် ကိုယ်အင်္ဂါမသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူများအနေဖြင့် ကိုယ်တိုင် သို့မဟုတ် လိုအပ်ပါက မသန်စွမ်းသူကိုယ်တိုင်ရွေးချယ်သည့် အကူလူပုဂ္ဂိုလ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။
မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသည့် မသန်စွမ်းသူအားလုံး တက်တက်ကြွကြွ ပါဝင်ဆန္ဒမဲပေးရန်နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်အပါအဝင် ယနေ့တက်ရောက်လာသော မသန်စွမ်းကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက ပံ့ပိုးပူးပေါင်းဆောင်ရွက်ပေးရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာ (၂၈) ရက်တွင် ရွေးကောက်ပွဲအပိုင်း (၁)ကို မြို့နယ် (၁၀၂)မြို့နယ်၌ စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အသိပေးထားသည်။
