ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်) ပူဇော်ပွဲတော် ကျင်းပခဲ့သည်။
အဆိုပါပွဲတော်သို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.S Mr. Abahay Thakur ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကိုကိုလွင်၊ Morya Indian Club ၏ ဥက္ကဋ္ဌ Shri Shyam Narsariaနှင့်တကွ ဖိတ်ကြားထားသည့် ဂုဏ်သရေရှိဧည့်သည်တော်များစွာ တက်ရောက်ခဲ့သည်။
Ganesh(ဂနေ့ရှ်) ပူဇော်ပွဲတော်ဆိုသည်မှာ ဆင်ခေါင်းတော်ရှိ ဘုရားရှင် ရှရီ ဂနေ့ရှ်ကို ဂုဏ်ပြုခြင်းဖြစ်ပြီး ဟိန္ဒူလူမျိူးများ၏အလေးမြတ်ဆုံးပွဲတော်များထဲမှတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် မဟာပိန္နဲနတ်ဘုရားဟုလူသိများကာ ရန်ကုန်မြို့တွင် နှစ်စဉ်ဂုဏ်ပြုကျင်းပလာခဲ့သည်မှာ ၁၁ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မဟာပိန္နဲနတ်ဘုရားကို ပုဂံခေတ် ဗုဒ္ဓဘာသာနေရာအချို့တွင်စောင့်ရှောက်သူနတ်ဘုရားအဖြစ်ဖော်ပြလေ့ရှိကြောင်းသိရပြီး ယခုလို မြန်မာ-အိန္ဒိယ မျှဝေခံစားလို့ရသည် ယဉ်ကျေးမှုဆိုင်ရာချိတ်ဆက်မှုများရှိခြင်းကြောင့် အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံကြားရှိချစ်ကြည်ရင်းနှီးမှုကို ဦးတည်လျက် ယခုနှစ် ဂနေ့ရှ်ပူဇော်ပွဲတော်အတွက် Morya Indian Club မှ ချမှတ်ထားသော ဆောင်ပုဒ်မှာ ချစ်ကြည်ရင်းနှီးမှု ဖြစ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးမှ မြန်မာနိုင်ငံတွင် ပြည်သူအများစုသည် ဂါနက်ရှ်ဘုရားရှင်ကို ယုံကြည်ကိုးကွယ်ကြပြီး ဗြဟ္မာ့ကိုယ်ခန္ဓာနှင့် ဆင်ခေါင်းတော်ပိုင်ရှင်ဖြစ်သော မဟာပိန္နဲအဖြစ် ကြည်ညိုလေးမြတ်ကြပါတယ်။ ဂါနက်ရှ်ဘုရားရှင်သည် ပုဂံရှိ ရွှေစည်းခုံစေတီတော်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တံတား၊ အင်းစိန်နှင့် ရွှေပြည်သာမြို့နယ်များရှိ ဘုရားစေတီပုထိုးများ အပါအဝင် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ စေတီပုထိုးများစွာတွင် ကိန်းဝပ်လျက်ရှိသဖြင့် ယနေ့အခမ်းအနားသည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား၊အရှေ့တောင်အာရှဒေသတို့နှင့် နှစ်ပေါင်းထောင်နှင့်ချီ၍ ဆက်စပ်နေခဲ့သော နက်နဲလှသည့် ယုံကြည်ကိုးကွယ်မှုဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်မှုများကို ပုံဖော်ပြသနေခြင်းဖြစ်ကြောင်း အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် ကြွရောက်လာသော ဧည့်ပရိသတ်အပေါင်းသည် နတ်ဘုရားရှင် ဂနေ့ရှ်အား အာရသီ (Aarti) ရှိခိုးပူဇော်ခြင်းပြုလုပ်ခဲ့သည်။
ဆက်လက်၍ သာသနာရေးဝန်ကြီး ဦးတင်ဦးလွင်မှ ဂုဏ်ပြုအမှာစကားပြောကြားရာ ယနေ့ကျင်းပသည့် Ganesh(ဂနေ့ရှ်) ပွဲတော်သည် မြန်မာနိုင်ငံရှိ ဟိန္ဒူဘာသာဝင်များအတွက် ဘာသာရေးနှင့်ယဉ်ကျေးမှု အစဉ်အလာများကို ဆက်လက် ထိန်းသိမ်းနိုင်သည့် အခမ်းအနားကောင်း တစ်ရပ်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ ဘာသာပေါင်းစုံနှင့် လူမျိုးပေါင်းစုံအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်မှုနှင့် စည်းလုံးညီညွတ်မှုများ ပိုမိုတိုးတက်ခိုင်မာလာပါစေကြောင်းစသဖြင့် ပြောကြားခဲ့သည်။
အခမ်းအနားတွင် အိန္ဒိယယဉ်ကျေးမှုအဖွဲ့ SVCC မှ ရိုးရာအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ခြင်း၊ တေးဂီတဖြင့် ဘုရားရှင် ဂနေ့ရှ်အား ကိုးကွယ်ပူဇော်ခြင်းများပြုလုပ်ခဲ့သည်။
ထို့နောက် Morya Indian Club ဥက္ကဌမှ အခမ်းအနားနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီးနောက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့သည်။
