ဂျေရုဆလင်၊ဧပြီ ၂၈
ဂါဇာကမ်းမြောင်ဒေသ၌ ထိန်းသိမ်းခံထားရသည့်အစ္စရေးဓါးစာခံများအားလုံးကို ပြန်လွှတ်ပေးပြီး ဟားမတ်စ်အဖွဲ့နှင့် ငါးနှစ်ကြာအပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို အစ္စရေးကပယ်ချခဲ့ကြောင်း အစ္စရေးနိုင်ငံပိုင်ရုပ်သံလွှင့်ဌာနကသတင်း ထုတ်လွှင့်ခဲ့သည်။
အစ္စရေးအကြီးတန်းအရာရှိတစ်ဦးက အစ္စရေးဘက်မှ ယင်းအဆိုပြုချက်ကို တရားဝင်ပယ်ချလိုက်ပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာများသို့ပြောကြားခဲ့သည်။
“ဟားမတ်စ်အဖွဲ့နဲ့ ငါးနှစ်တာယာယီအပစ်အခတ်ရပ်စဲရေးကို သဘောတူညီရမယ်ဆိုတာက တကယ်တမ်းပြန်စဉ်းစားရင် ဟားမတ်စ်ကိုကူညီလိုက်တာနဲ့အတူတူပါပဲ၊နားထားတဲ့ကာလမှာ လူသူလက်နက်အင်အားပြန်စုစည်းပြီး အစ္စရေးကို ပိုပြီးအင်အားကြီးကြီးနဲ့ တုန့်ပြန်လာနိုင်ပါတယ်” ဟုလည်းဆိသူက ပြောကြားခဲ့သည်။
စနေနေ့က ဟားမတ်စ်အကြီးတန်းခေါင်းဆောင် ခါလီအယ်လ်ဟေရာ ဦးဆောင်သော ဟားမတ်စ်ကိုယ်စားလှယ်အဖွဲ့က အစ္စရေးဘက်မှဓါးစာခံများအားလုံးကိုလွှတ်ပေးပြီး ငါးနှစ်အပစ်အခတ်ရပ်စဲရန်သဘောတူခဲ့ကြောင်း အီဂျစ်လုံခြုံရေးသတင်းရင်းမြစ်တစ်ခုအရသိရသည်။
အစ္စရေးဓါးစာခံများနှင့် ပါလက်စတိုင်း အကျဉ်းသားများ နောက်ဆုံးလဲလှယ်မှုကို ဇန်နဝါရီလကပြုလုပ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ နှစ်လခန့်အကြာ၊ မတ်လတွင် အစ္စရေးကအပစ်အခတ်ရပ်စဲရေးကိုအဆုံးသတ်ခဲ့ပြီး ပါလက်စတိုင်းနယ်မြေအတွင်းထိုးစစ်ကိုပြန်လည်စတင်ခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ စစ်ပွဲစတင်ချိန်မှစ၍ ပါလက်စတိုင်းနယ်မြေအတွင်း ေ-သဆုံးသူအရေအတွက်မှာ (၅၂,၃၁၄) ဦးအထိ မြင့်တက်လာခဲ့ပြီး (၁၁၇,၇၉၂) ဦးအထိဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရသည်။
အစ္စရေးအာဏာပိုင်များ၏ အဆိုအရ ဂါဇာတွင် ဓါးစာခံ ၅၉ ဦး ကျန်ရှိနေဆဲဖြစ်သည်ဟုအတည်ပြုပြောကြားခဲ့သည်။
Source : ရှင်းဟွာ