သွေးသစ်ဝင်းလှိုင်နှင့် အောင်ခိုင်တို့၏ အထူးစိန်ခေါ်ပွဲအပါအဝင် နာမည်ကျော် ရိုးရာဖိုက်တာများ၏ တွဲဆိုင်းများပါဝင်သည့် ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ယခုလ ဖေဖော်ဝါရီ (၂၃) ရက်နှင့် (၂၄)ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ကရင်ပြည်နယ် ၊ ဘားအံမြို့ ၊ လှိုင်ကမ္ဘာကျေး ရွာအုပ်စုရှိ သမိုင်းဝင် အောက်ရေတံခွန်တိုက်ကျောင်း ဦးစီးပဓာနနာယကဆရာတော် တေဇနိယမထေရ်မြတ် အန္တိမ အဂ္ဂိစျာပန ပူဇာသဘင်အခမ်းအနားအတွင်း ထည့်သွင်းကျင်းပပြုလုပ်ခြင်းဖြစ်သည်။
သွေးသစ်ဝင်းလှိုင်နှင့် အောင်ခိုင်တို့နှစ်ဦး သည် တတိယအကြိမ်မြောက် စိန်ခေါ်ထိုးသ-တ်သည့်ပွဲတစ်ပွဲဖြစ်ပြီး၊ ယခင် နှစ်ကြိမ်မြောက်ထိုးသ-တ်ခဲ့စဉ်က သွေးသစ်ဝင်းလှိုင်အနေဖြင့် တစ်ပွဲနိုင် တစ်ပွဲသရေ ရလဒ်ထွက်ပေါ်ထားသည်။
“ဒီတစ်ကြိမ်တွေ့ဆုံမှုက (၃)ကြိမ်မြောက်ပါ။ အောင်ခိုင်က ပထမတန်းကို ရောက်နေတာကြာပါပြီ။ မာဂုဏ်ကောင်းတယ် ခန္ဓာကိုယ် ကြံ့ခိုင်မှု အသဲနဲ့ဇွဲကတော့ ပြောစရာမလိုပါဘူး။ဒါပေမဲ့ နည်းစနစ်ပိုင်းအားနည်းတယ်။ အနေအေးတယ်။ ရိုးတယ်။ နောက်ပိုင်းမှ အရင်ကထက် လက်ရည်တက်လာတာ ကြိုးစားလာတာကိုတွေ့ရတော့ ဒီတစ်ပွဲက မှန်းရခက်တယ်”ဟု ရိုးရာပရိတ်သတ်တစ်ဦးက ပြောသည်။
ပြိုင်ပွဲအတွင်း သပြေညိုနှင့် သွေးသစ်အောင်တို့၏ စိန်ခေါ်တွဲဆိုင်းအပြင် အခြားတွဲဆိုင်းများလည်း ပါဝင်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီ၏ အသိပေးချက်အရ သိရသည်။