မန္တလေးငလျင်ကြီးဖြစ်စဉ်ကို သင်ခန်းစာယူ၍ အဆောက်အအုံများ ဆောက်လုပ်ရာတွင် သတ်မှတ်ခံနိုင်မှုစံနှုန်းများနှင့်အညီဆောင်ရွက်ထားမှု ရှိ၊ မရှိ စနစ်တကျ စစ်ဆေးရန်အတွက် သံမဏိမူဝါဒမူကြမ်းပြုစုရေးဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ သံမဏိထုတ်လုပ်မှုတွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍများမှ ဆောင်ရွက်လျက်ရှိ၍ သံမဏိထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများကို မှန်ကန်သောမူဝါဒ အထောက်အပံ့များဖြင့်ချဉ်းကပ်နိုင်ရန် ထိုကဲ့သို့ ဆောင်ရွက်ရခြင်း ဖြစ်သည်ဟုလည်း သိရသည်။
သံမဏိမူဝါဒကို စက်မှုဝန်ကြီးဌာန မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်းနှင့် မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ရေးဆွဲခဲ့ကာ သံမဏိဆိုင်ရာမူဝါဒကို မည်ကဲ့သို့လက်ခံကျင့်သုံးမည်၊ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ပေးနိုင်မည်တို့ကို ဆက်လက်ဆွေးနွေးမည်ဖြစ်ပြီး အများပြည်သူ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်၊ ပါဝင်သင့် ပါဝင်ထိုက်၊ လုပ်ဆောင်သင့်သည့်အချက်များ မကျန်စေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ၌ စက်မှုဝန်ကြီးဌာနအနေဖြင့် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) တို့ ၌ စက်တပ်ဆင်ရေးလုပ်ငန်းများ အပြီးသတ်၍ စွမ်းအားပြည့်လည်ပတ်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိသည်။
