လက်ရှိတွင် ရပ်နားထားရသည့် အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းကို ရာနှုန်းပြည့်နီးပါး ပြန်လည် စတင်နိုင်ရန် စက်ပစ္စည်းများရောက်ရှိနေပြီဖြစ်ပြီး ပြည်တွင်းရှိ သံနှင့် သံမဏိထုတ်လုပ်ရေး စီမံကိန်းများ အောင်မြင်လာပါက ပြည်ပမှ သံနှင့်သံမဏိ တင်သွင်းနေရမှုများ လျှော့ချနိုင်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆားခါးကျေးရွာအနီးတွင် ၂၀၀၄ ခုနှစ်မှ စတင်ကာအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် တန်ချိန် ၂၀၀၀ ကို စတင်ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းစီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှ စတင်ကာ ရပ်နားထားခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ပြန်လည်စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရာနှုန်းပြည့်နီးပါး လည်ပတ်နိုင်မည့်အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံအတွက် သံနှင့်သံမဏိ လိုအပ်ချက်မှာ နှစ်စဉ်တန်ချိန် ၂ ဒဿမ ၅၃ သန်းမှ ၃ သန်းခန့်အထိရှိပြီး ပြည်တွင်းထုတ်လုပ်မှုဖြင့် မလုံလောက်သည့်အတွက် ပြည်ပမှတင်သွင်းနေရကြောင်းလည်း သိရသည်။
ပြည်တွင်း၌ သံနှင့် သံမဏိကို ပြည်တွင်းထုတ်လုပ်မှုအတွက် နိုင်ငံပိုင် သံရည်ကျိုစက်ရုံ (၆) ရုံနှင့် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိက သံရည်ကျို လုပ်ငန်း (၃၂၆) ခုရှိသော်လည်း နှစ်စဉ်တန်ချိန် တစ်သန်းခန့်သာ ထုတ်လုပ်နိုင်ကြောင်းသိရသည်။