ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) ၏ ခေတ်မီသိုလှောင်ရုံ အမှတ် (၁) လုပ်ငန်းစတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို မေ ၃၁ ရက် နံနက်ပိုင်းတွင် သီလဝါဆိပ်ကမ်းဒေသ အကွက်အမှတ် (၂၉) ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တာဝန်ရှိသူများ၊ UMFCCI နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ သီလဝါဆိပ်ကမ်းတံတားများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သီလဝါဆိပ်ကမ်းဒေသသည် နိုင်ငံ၏ Transit Trade နှင့် Transshipment လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် နေရာဖြစ်ကြောင်း၊ MAGDPL အနေဖြင့် နိုင်ငံတကာကုန်သွယ်မှုအတွက် လိုအပ်သည့် ခေတ်မီသိုလှောင်ရုံကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည့်အတွက် ကျန်ရှိသည့် သိုလှောင်ရုံများကိုလည်း အဆင့်လိုက် ဆက်လက်ရင်းနှီးမြှုပ်နှံတည်ဆောက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက က ပြောကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သိုလှောင်ရုံအတွင်းရှိ ပြခန်းများ၊ ပြည်ပတင်ပို့မည့် ပြောင်းစေ့များ သိုလှောင်ထားရှိမှုနှင့် ဆက်လက်တည်ဆောက်မည့် သိုလှောင်ရုံနေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ဒေါပုံရုံးခွဲ) ရှိ Computer Based Examination (CBE) Centre သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက CBE စနစ်ကို သတ်မှတ်လုပ်ငန်းစဉ်များနှင့်အညီ စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ သင်္ဘောသားများ၏ ဆုံးဖြတ်ချက်ချနိုင်မှုစွမ်းရည် မြှင့်တင်ရေးအတွက် Decision-making ဆိုင်ရာမေးခွန်းများ ထည့်သွင်းနိုင်ရေးနှင့် မေးခွန်းများကို ခေတ်နှင့်အညီ ပြင်ဆင်မွမ်းမံရေးတို့ကို အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
