ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် သြဂုတ် (၆) ရက်ညပိုင်းက နာရီပိုင်းသာခြား၍ ယာဥ်မတော်တဆမှု (၂)ခုဖြစ်ပွားခဲ့ပြီး အမျိုးသား (၃) ဦးနှင့်အမျိုးသမီး (၁) ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
ယမန်နေ့ည (၁၀) နာရီခန့်က သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီး၊ သုမနလမ်းထိပ်တွင် ကားတစ်စီးနှင့်ဘေးတွဲဆိုင်ကယ် တိုက်မိခဲ့သဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဥ်ကြောင့် အသက်(၃၅)နှစ်အရွယ်ရှိ အမျိုးသား (၁) ဦးနှင့် အသက်(၃၀)နှစ်အရွယ်ရှိ အမျိုးသမီး (၁) ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် အောင်ဇေယျလူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
ထို့ပြင် ည (၆) နာရီခန့်ကလည်း သာကေတမြို့နယ်၊ရှုခင်းသာလမ်းမကြီး၊ အောင်ဇေယျလမ်းထိပ်တွင် ရပ်ထားသော ကားတစ်စီးအား အခြားကားတစ်စီးက အနောက်မှဝင်တိုက်မိ၍ ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သည့် အသက်(၄၅) နှစ်ခန့်ရှိ အမျိုးသားတစ်ဦးနှင့် အသက် (၄၀) နှစ်ခန့်ရှိ အမျိုးသားတစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသူများအား သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် မဟော်သဓာလူမှုကူညီရေးအသင်းနှင့်အောင်ဇေယျ လူမှုကူညီရေးအသင်းတို့မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။