အောင်ဆန်းရုပ်ရှင်နှင့် ပတ်သက်သမျှ တရားဝင် သတင်း အချက်အလက်များကို Social Media စာမျက်နှာများမှတဆင့် Media များနှင့် ပြည်သူလူထုထံ အသိပေးသွားမည်ဖြစ်သည်။ အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ မိတ်ဆက် အသိပေးခြင်း အခမ်းအနားကို ဇန်နဝါရီလ ၄ရက် (လွတ်လပ်ရေးနေ့) ရန်ကုန်မြို့၊ ချင်းချောင်းနန်းတော်မှာ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်နှင့်အညီ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဦးဆောင်ပြီး မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝအကြောင်းကို ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေးလုပ်ငန်း ကော်မတီ ဖွဲ့စည်း၍ အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကို နိုင်ငံတကာ အဆင့်မီ ရိုက်ကူးထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။ အောင်ဆန်း ရုပ်ရှင် ရိုက်ကူးရာတွင် ဒါရိုက်တာအဖြစ် တာဝန်ယူမည့် အကယ်ဒမီလူမင်းက ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရန် ကြန့်ကြာနေသည့် အကြောင်းကို . . .
“ကျွန်တော်တို့ အောင်ဆန်းရုပ်ရှင် ရိုက်ကူးခြင်းဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က မှတ်ချက်ပေးဖူးတယ်လို့ ကျွန်တော်တို့တစ်ဆင့် သိရပါတယ်။ အင်မတန် သိမ်မွေ့နက်နဲတဲ့ အလုပ်တစ်ခုလို့ ဆိုပါတယ်။ တကယ်လည်း သိမ်မွေ့မယောင်နဲ့ အင်မတန် နက်နဲပြီးတော့ ခက်လည်း ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ ဒါကြောင့်မို့လို့လည်း ဒီရုပ်ရှင်ရိုက်ကူးဖို့ အကြောင်းအရာမှာ ကျွန်တော်တို့အရင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေး ဆိုပြီးတော့ ဖွဲ့စည်းဆောင်ရွက်ခဲ့တာ ၄နှစ်၊ ၅နှစ်လောက် အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ အခုလက်ရှိမှာတော့ နိုင်ငံတော် အတိုင်ပင်ခံရဲ့ ညွှန်ကြားချက်နဲ့ အညီပဲ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရေး လုပ်ငန်းကော်မတီကြီးကို နိုင်ငံတော် သမ္မတရုံးကနေ ဖွဲ့စည်းမိန့်နဲ့ ဖွဲ့စည်းပြီး ကျွန်တော်တို့ ဆောင်ရွက်နေပါပြီ” ဟုပြောသည်။
အကယ်ဒမီ လူမင်းအနေနှင့်လည်း အောင်ဆန်းရုပ်ရှင်ရိုက်ကူးမှုသည် ခက်ခဲသည့် အလုပ်တစ်ခုဖြစ်မှန်း သိသော်လည်း နိုင်ငံသားတစ်ဦး အနေဖြင့် သမိုင်းပေးတာဝန်အရ အချိန်အခါကျ၍ လှုံဆော်မှုများ ရှိနေလျက် ထိုတာဝန်ကို ခေါင်းရှောင်မည်ဆိုလျှင်လည်း မိမိကိုယ်ကို သိမ်ငယ်ရာ၊ လိပ်ပြာမလုံရာကျမည်ဖြစ်သည့်အတွက် တာဝန်ယူ ရိုက်ကူးခြင်းဖြစ်ကြောင်း ပြောသည်။
“ခက်ခဲနက်နဲသိမ်မွေ့တယ်ဆိုတဲ့အတိုင်း ဒီရုပ်ရှင်ကြီးကို စပြီးတော့ ရိုက်ကူးမယ် ဆိုကတည်းက အားပေးအားမြှောက် ဝမ်းသာကြိုဆိုကြတဲ့ သူတွေရှိသလို မကြိုဆိုကြတဲ့ သူတွေလည်း ရှိကောင်းရှိနေနိုင်ပါတယ်။ ကျွန်တော်တို့ အဖွဲ့ အနေနဲ့လည်း ဝေဖန်မှု၊ တိုက်ခိုက်မှုတွေ မျိုးစုံကို ကျော်ဖြတ်ခဲ့ပြီး ဒီနေ့၊ ဒီအချိန်အထိ ရောက်ရှိလာခဲ့ပါပြီ။ ဒီနေ့ ဒီအခြေအနေမှာတော့ ကျွန်တော်တို့ဟာ အောင်ဆန်းရုပ်ရှင်ကြီးကို ရိုက်ကူးနိုင်ဖို့အတွက် အကောင်းဆုံး ပံ့ပိုးမှု အနေအထားတွေ အားလုံးကို ရရှိထားပါပြီ။ အဲဒါကြောင့်မို့လို့ ဒါရိုက်တာအဖြစ် ဆောင်ရွက်မယ့် ကျွန်တော့အနေနဲ့လည်း ဒီရုပ်ရှင်ကြီးကို အောင်အောင်မြင်မြင်နဲ့ အကောင်းဆုံးဖြစ်အောင်၊ ကျွန်တော်တို့ မြန်မာနိုင်ငံက အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ ဝန်ကြီးဌာနတွေ အားလုံးပူးပေါင်းပြီးတော့ နိုင်ငံတကာ အဆင့်မီ အကောင်းဆုံး အောင်ဆန်းရုပ်ရှင်ကြီးဖြစ်အောင် ကျွန်တော်တို့ ရိုက်ကူးထုတ်လုပ်ပြီးတော့ ပြညသူရှေ့ကို ချပြနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ လုံးဝ အပြည့်အဝ ယုံကြည်ပါတယ်” ဟု အကယ်ဒမီလူမင်းက ဆိုသည်။
ဒါရိုက်တာလူမင်းက ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ရည်စူးပြီး တေဇသိဒ္ဓိ အဘယသုခစေတီတော် တည်ထားမည်ဖြစ်ကြောင်းလည်း ပြောပြခဲ့သည်။
မျိုးမောင်