ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တိုင်းဒေသကြီး၊ ပြည်နယ်ခုနစ်ခုတွင် နေအိမ်ပေါင်း (၁၁၀၂၀) လုံးကို ရန်ပုံငွေကျပ် (၇၅၂ ဒသမ ၄၀၀) သန်းဖြင့် အားဖြည့်မွမ်းမံမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက် စတင်ခြင်းအခမ်းအနားမှ သိရသည်။
မကြာမီတွင် ဆောင်းအကုန် နွေအကူးကာလကို ရောက်ရှိမည်ဖြစ်သည့်အတွက် နွေဦးရာသီအစနှင့် မုတ်သုံအဝင်ကာလများတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး လေပြင်းဘေးကြောင့် ထိခိုက်ပျက်စီးမှုသည် အများဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေဖြင့်လည်း လေတိုက်နှုန်းပေါ်မူတည်ပြီး လေပြင်းတိုက်ခတ်နိုင်မှုများ၊ မုန်တိုင်းဖြစ်ပေါ်နိုင်မှုများကို အဆင့်များသတ်မှတ်အသိပေးလျက်ရှိကြောင်း၊ လေပြင်းတိုက်ခတ်မှုများကြောင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ တိုင်းဒေသကြီး၊ ပြည်နယ် (၁၅) ခုတွင် နေအိမ်ပေါင်း (၂၃၇၀၀၀) ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုတွင် နေအိမ်ပေါင်း (၇၅၀၀၀)ကျော်ကို ရန်ပုံငွေကျပ် (၂ ဒ သမ ၇) ဘီလီယံကျော် ကျခံသုံးစွဲ၍ အားဖြည့်မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း ယခင်နှစ်များနည်းတူ တိုင်းဒေသကြီး၊ ပြည်နယ်ခုနစ်ခုတွင် နေအိမ်ပေါင်း (၁၁၀၂၀) လုံးကို ရန်ပုံငွေကျပ် (၇၅၂ ဒသမ ၄၀၀) သန်းဖြင့် အားဖြည့်မွမ်းမံမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။