သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)ကို စက်ရုံလည်ပတ်မှုနည်းစဥ် တစ်ဆင့်ချင်းစီအလိုက်စတင်စမ်း သပ်လည်ပတ်နေပြီဖြစ်ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင် က စက်တင်ဘာ ၁၄ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ စက်မောင်းဆီကို စနစ်တကျသုံးစွဲနိုင်ရေးကြပ်မတ်ဆောင် ရွက်လျက်ရှိပြီး ကိုယ်တိုင်ထုတ်လုပ်နိုင်ရေးအတွက်လည်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြော သည်။
ထို့ကြောင့် ရေနံချက်စက်ရုံများ လျင်မြန်စွာပေါ် ထွက်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကာ ယခုလည်ပတ်မည့်စက်ရုံသည် ထိန်းချုပ်မောင်းနှင်မှု၊ စောင့်ကြည့်မှု၊ ချိန်ညှိမှုများကို Control Room အတွင်းမှဆောင်ရွက်နိုင်သည့် ပထမဆုံး ရေနံချက်စက်ရုံဖြစ်၍ ဝန်ထမ်းများကို စနစ်တကျလေ့ကျင့်သင်ကြားပေးထားရမည်ဟု မှာကြားခဲ့သည်။
ထို့ပြင်ပြည်ထောင်စုဝန်ကြီးသည် သာကေတနှင့် အလုံသဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများကိုကြည့်ရှုစစ်ဆေးခြင်း၊ ရန်ကုန်တိုင်းအတွင်း တာဝန်ထမ်းဆောင်နေသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများကိုတွေ့ဆုံမှာကြားခြင်းများပြုလုပ်ခဲ့သည်။
