လာမည့်သင်္ကြန်ပွဲတော်ကာလအတွင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ စတုဒိသာမဏ္ဍပ်များအနေဖြင့် နေ့အလိုက် မြန်မာ့ရိုးရာလက်ဖက်၊ ထမနဲနှင့်သင်္ကြန်နှင့် လိုက်ဖက်သည့် ရွှေရင်အေး၊ မုန့်လက်ဆောင်း၊ မုန့်လုံးရေပေါ်တို့ကို ဧည့်ခံကျွေးမွေးသွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်) တွင် ကျရောက်တော့မည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်တွင်လည်းကောင်း၊ မင်းရပ်ပြည်သူ့ရင်ပြင်တွင် လည်းကောင်း၊ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းနေရာတွင်လည်းကောင်း လမ်းလျှောက်သင်္ကြန်ပွဲတော်များကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။
သင်္ကြန်ပွဲတော်ကာလအတွင်း စတုဒိသာမဏ္ဍပ်များအနေဖြင့် နေ့အလိုက် မြန်မာ့ရိုးရာလက်ဖက်၊ ထမနဲနှင့် သင်္ကြန်နှင့်လိုက်ဖက်သည့် ရွှေရင်အေး၊ မုန့်လက်ဆောင်း၊ မုန့်လုံးရေပေါ် စသည်တို့ကို နံနက်ပိုင်းတွင် လူဦးရေ ၆,၀၀၀၊ ညနေပိုင်းတွင် လူဦးရေ ၆,၀၀၀ ဖြင့် တစ်ရက်လျှင် လူဦးရေ ၁၂,၀၀၀ စာဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ဂါလန် ၅၀,၀၀၀ ဆံ့ ရေလှောင်ကန် နှစ်ကန်တူးဖော်ဆောင်ရွက်ထားပြီး ရေလုံလောက်စွာရရှိရေး ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
လမ်းလျှောက်သင်္ကြန်အတွင်း ရေပန်းများ၊ ပုသိမ်ထီး၊ ရောင်စုံထီးအလှများ တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ယခုနှစ် သင်္ကြန်ပွဲတော်ကို တစ်မူထူးခြားပြီး စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဆွမ်ပရာဘွမ်လမ်းမကြီး လမ်းလျှောက်သင်္ကြန်ပွဲတော်အပါအဝင် မြစ်ကြီးနားမြို့ မင်းရပ်ပြည်သူ့ရင်ပြင်အတွင်း၌လည်း ဧရာဦးပန်းခြံနှင့် မင်းရပ်ပြည်သူ့ရင်ပြင်အကြား အရှည်ပေ ၆၀၀ ရှိ ကမ်းနားလမ်းတစ်လျှောက်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်အဖြစ် ကျင်းပသွားမည်ဖြစ်သည်။
ထို့ပြင် စီတာပူရပ်ကွက် ဧရာဝတီမြစ်ကမ်း ဘေးရှိ ဧရာဝတီရှုခင်းသာတွင်လည်း သဲသောင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်အဖြစ် ကျင်းပသွားမည် ဖြစ်ပြီး အဆိုပါဧရာဝတီရှုခင်းသာသည် ဧရာဝတီ မြစ်ဘေးတွင်ရှိသည့်အတွက် အများပြည်သူပျော်ရွှင် စွာဆင်နွှဲရာတွင် ဧရာဝတီမြစ်အတွင်း ရေကစားခြင်းနှင့် ပြည်သူများအန္တရာယ်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးတာဝန်ရှိသူများက လုံခြုံရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်၍ စည်ကားစွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
